၈ နိုဝင်ဘာ
အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲယားကွန်းဆိုတာကို အသုံးပြုတဲ့နေရာကလက်ချိုးရေလို့ရပါတယ်။ အခုချိန်မှာတော့ အဲယားကွန်းက အလုပ်ခွင်တွေနဲ့ ရုံးတွေအိမ်တွေမှာတင်မဟုတ်ဘဲ ဈေးဝယ်စင်တာတွေ၊ ပြဇာတ်ရုံတွေ၊ ဆေးရုံတွေ၊ ကုသရေးစင်တာတွေအပြင် အိမ်စီးကားတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေမှာ ပါမရှိမဖြစ်ထည့်သွင်းလာရတဲ့ အရာတစ်ခု လိုတောင်ဖြစ်လာပြီဖြစ်ပါတယ်။ အဲယားကွန်းကအေးလွန်းတာကြောင့် အချို့သူတွေမှာ ကျန်းမာရေး ပြဿနာတွေတွေ့ကြုံရတာမျိုးရှိပါတယ်။
အဲယားကွန်းက ဆိုးကျိုးတွေပဲ ပေးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ အဲယားကွန်းကအပူဒဏ် ကိုမခံစားမိအောင် လုပ်ဆောင်ပေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပေါ့ပါးလန်းဆန်းမှုကို ရရှိစေပြီး အလုပ်ခွင်မှာ တက်ကြွလန်းဆန်းနေစေသလို အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေပါတယ်။ အေးမြတဲ့ခံစားမှုက ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေရှိနေမှုကို လျော့ပါးစေနိုင်သလို ချွေးထွက်နည်းစေတာကြောင့် ရေဓါတ်ဆုံးရှုံးမှုကိုလည်း လျှော့ချ ပေးနိုင်တဲ့အပြင် သန့်စင်တဲ့ အဲယားကွန်း စနစ်က ဓါတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့နိုင်ခြေကိုလျှော့ချပေးပါတယ်။ အဲယားကွန်း တပ်ဆင်ထားတဲ့ အနေအထားကကောင်းမွန်နေမယ်ဆိုရင် သန့်စင်တဲ့လေကိုရရှိ နိုင်မှာဖြစ်ပါတယ်။
ရာသီဥတုက ပူပြင်းလာပြီဆိုတာနဲ့ပဲ အများစုက အပူဒဏ်သက်သာပြီး သက်တောင့်သက်သာ အလုပ်ပိုလုပ်နိုင်တဲ့ လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် လေအေးပေးစက် တွေက လူ့ကျန်းမာရေးအတွက် မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်တာကို သိဖို့လိုပါတယ်။ ဒီလိုသိထားပြိဆိုရင် လေအေးပေးစက်တွေကိုအကျိုးရှိရှိ အသုံးချပြီး အန္တရာယ်ထိခိုက်မှု နည်းပါးအောင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုသတိထားရမလဲဆိုတာ နားလည်နိုင်မှာဖြစ်ပါတယ်။ ဒါမှပဲ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ရှောင်ရှားနိုင်၊ ဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါလိမ့်မယ်။
လေအေးပေးစက်အသုံးပြုရာမှာ ကျန်းမာရေးအတွက် ဖြစ်လာစေနိုင်တဲ့ သက်ရောက်မှုတချို့ကတော့ –
(၁) အပူချိန်ရုတ်တရက်ပြောင်းလဲမှု
အပူချိန်နဲ့စိုထိုင်းဆ ရုတ်တရက်ပြောင်းလဲမှုက အသက်ရှူလမ်းကြောင်းစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းနေချိန်မှာ လေအေးပေးစက်ရဲ့အပူချိန်ကို 20 °C အောက်မှာ ထားရင်ထားကြမှာပါ။ ဒါပေမယ့် (တခါတရံ အပူချိန် 40 °C လောက်ရှိတတ်တဲ့) အပြင်ကနေ အဲယားကွန်းခန်းထဲဝင်လိုက်ရင် အပူချိန်ရုတ်တရက်ကျဆင်းမှုကြောင့် ခန္ဓါကိုယ်မှာ ဖိအားဖြစ်စေပါတယ်။
(၂) အသားအရေခြောက်သွေ့ခြင်း
လေအေးပေးထားတဲ့ပတ်ဝန်းကျင်ဖြစ်ရုံနဲ့ အသားအရေခြောက်သွေ့မှုဖြစ်စေမယ့်ခိုင်လုံတဲ့ အကြောင်းရင်း ဖြစ်နေပါပြီ။ အဲယားကွန်းတွေကထုတ်ပေးလိုက်တဲ့လေအေးတွေက အရေပြားဆဲလ် တွေကို ထိခိုက်စေပြိး အရေပြားခြောက်သွေ့၊ မွဲခြောက်စေပါတယ်။
(၃) ရောဂါပြန့်ပွားမှု
အဲယားကွန်းလေရဲ့ လှည့်ပတ်မှုစနစ်ကြောင့် ကူးစက်နိုင်တဲ့အသက်ရှူလမ်းကြောင်းရောဂါတွေ ပြန်ပွားစေ နိုင်ပါတယ်။ အဲယားကွန်းနဲ့နေတာ ကြာရှည်လာရင် ပန်းနာရင်ကျပ်ရှိသူတွေမှာ ရောဂါပိုဆိုးစေနိုင်သလို အဆုတ်ရောဂါပါဝင်လာနိုင်ပါတယ်။ အဲယားကွန်းဟာ လတ်ဆတ်တဲ့လေနဲ့မဟုတ်ဘဲ အတွင်းမှာရှိနှင့်ပြီးသားလေတွေနဲ့ပဲ ထပ်ကာထပ်ကာလှည့်ပတ် နေတဲ့စနစ်ဖြစ်တာကြောင့် အအေးမိခြင်း၊ တုပ်ကွေးစတဲ့ရောဂါပိုးတွေ၊ဘက်တီးရီးယားတွေကို တခြားသူဆီကနေပြန့်ပွားကူးစက်နိုင်ဖို့များပါတယ်။
(၄) ဓါတ်မတည့်မှုပြဿနာ
လေထုထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ မှိုတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်လာစေနိုင်ပါတယ်။ လေအေးပေး စက်တွေကိုသန့်စင်မပေးဘူးဆိုရင် ဖုန်မှုန့်တွေ၊ဘက်တီးရီးယားနဲ့မှိုတွေက လေထဲမှာပါလာပြီး အရေပြားပြဿနာတွေ၊ ယားယံခြင်းတွေ၊ ဓါတ်မတည့်တာတွေဖြစ်လာစေနိုင်ပါတယ်။
(၅) မျက်သားခြောက်သွေ့ခြင်း
အဲယားကွန်းကြောင့် မျက်ရည်ခမ်းခြောက်ပြီး မျက်သားခြောက်သွေ့မှုတွေဖြစ်စေနိုင်သလို မျက်ကပ်မှန် တပ်သူတွေမှာ အခက်တွေ့နိုင်ပါတယ်။ မျက်ရည်ခမ်းခြောက်မှုအပြင် မျက်စိနီရဲယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေတတ်ပါတယ်။
(၆) ကိုယ်ခံအားနည်းခြင်း
အဲယားကွန်းက အပူချိန်ပြောင်းလဲမှုကိုအတုဖန်တီးပေးတဲ့အရာဖြစ်တာကြောင့် လူ့ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ထိခိုက်အားနည်းစေပါတယ်။ အိမ်ခန်း၊ရုံးခန်းတွေထဲမှာနေရာက ပြင်ပက ခြစ်ခြစ်တောက် အပူရှိန်ထဲထွက်ပြီး အပူချိန်အပြောင်းအလဲ မကြာခဏကြုံတတ်တဲ့သူတွေမှာ အကြောင်းရင်းမရှိဘဲ နာမကျန်းပိုဖြစ်တတ်ပါတယ်။
(၇) အပူဒဏ်မခံနိုင်တော့ခြင်း
လေအေးပေးစက်နဲ့ပဲနေတာကြာလာတဲ့ သူတွေဟာ အအေးနဲ့အပူအပြောင်းအလဲမှာ ခန္ဓါကိုယ်မှာ ဖိစီးမှုဖြစ်စေတာကြောင့် ပြင်ပအပူချိန်ကို ခံနိုင်ရည်မရှိတော့ပါဘူး။ ဒါ့ကြောင့်ပဲ အပူလှိုင်းဖြစ်ရပ်တွေမှာ ရုတ်တရက်သေဆုံးမှုတွေများလာတာဖြစ်ပါတယ်။
လေအေးပေးစနစ်ကိုဘေးကင်းအောင်ဘယ်လိုသုံးမလဲ
လေအေးပေးစနစ်ကြောင့်ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။
လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ်ထုတ်လုပ်တဲ့ ကုမ္ပဏီက အကြံပြုတဲ့ အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။
အိမ်တွင်းမှာ သန့်စင်တဲ့လေရရှိနိုင်စေဖို့လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ပေးပြီး အချိန် အတိုင်းအတာ တစ်ခုကြာတဲ့အထိ လေအေးပေးစက်ကို ပိတ်ပြီး တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။
အခန်းတွင်းမှာအဆိပ်ရှိတဲ့အရာတွေမပျံ့နှံ့စေဖို့ အခန်းထဲမှာ တစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ ညဘက်တွေ မှာ လေအေးပေးစနစ်ကိုပိတ်ထားပေးပါ။
အခန်းတွင်းအပူချိန်နဲ့ပြင်ပအပူချိန် တအားကွာဟအောင်မထားပါနဲ့။
မိမိသုံးတဲ့လေအေးပေးစက်ကရေကို အသုံးပြုရတဲ့လေအေးပေးစက်ဖြစ်နေခဲ့ရင် လေကိုပုံမှန် လဲလှယ်ပေးပါ။
ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကိုတပ်ဆင်ပါ။
လေအေးစနစ်တပ်ဆင်ထားတဲ့အခန်းထဲမှာနေတဲ့အခါရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓါကိုယ်မှာ ရေဓါတ် မခမ်းခြောက်စေဖို့ သတိထားပြီး ရေသောက်ပေးပါ။
လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုသွားလာမယ်ဆိုရင် ခန္ဓါကိုယ်ကို အပူချိန်ပြောင်းလဲမှုကိုပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါး တစ်ထည်ဝတ်ဆင်ပေးပါ။
လေအေးပေးစက်ကြောင့်အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေပြန်ပြန်လာချင်း လေအေးပေးစက်ကိုချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။
သန့်စင်မှုအားနည်းတဲ့အခန်းတွင်းလေနဲ့လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရားဖြစ်ပါတယ်။
ရေးသားသူ -Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”