ညောင်ဦး ၈ နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် အကြိမ် ၉၆၀ မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအား နိုဝင်ဘာ ၈ ရက်နံနက် ၈ နာရီက ရွှေစည်းခုံစေတီတော်ဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရွှေစည်းခုံစေတီတော်ကြီး၏ ဂေါပက ဥက္ကဌ ဦးကျော်မြင့်က ရွှေစည်းခုံစေတီတော် ကြီး၏ ခေတ်အဆက်ဆက် ဘုရားပွဲကျင်းပခဲ့သည့် အကြောင်းအရာများ တည်ထားကိုးကွယ်ခဲ့သည့် သာသနာပြုမင်း အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့၏ ကောင်းမှုကုသိုလ်တော်တို့၏ ကိုးကွယ် ဆည်းကပ်မှုများ အစချီဖြင့် အဖွင့်အမှာစကားပြောကြားသည်။ပြီးနောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစိုးတင့်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာန-ခွဲ၊ ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်၊ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့မှ ရွှေစည်းခုံတန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဗုဒ္ဓစွယ်တော်တိုက်အတွင်းမှစွယ်တော်မြတ်ကို ရွှေစည်းခုံစေတီတော်ကြီးအား လက်ယာရစ် လှည့်လည်အပူဇော်ခံပြီး မြတ်စွယ်တော်အား ဘုရားဖူးလာရပ်ဝေးရပ်နီးမှအများပြည် သူများဖူးမြှော်နိုင်ရန် ခုနှစ်ရက် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။ရွှေစည်းခုံစေတီတော် မြတ်ကြီးအား သာသနာပြု မင်းကောင်းမင်းမြတ်များဖြစ်သည့် အနော်ရထာမင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီး တို့က တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

 

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)