ကြို့ပင်ကောက် ၈ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရိတ်သိမ်းလျှက်ရှိကြရာ တစ်မြို့နယ်လုံးတွင် ၂၀၁၉ မိုးစပါးစိုက်ဧက စုစုပေါင်း ၈၅၃၇၆ ဧကစိုက်ပျိုးခဲ့ပြီး ရတနာတိုး စပါးကိုသာ အများဆုံး ၃၅၂၀ဝ ဧက၊ အခြားစပါးမျိုးများဖြစ်သော ဆင်းသုခစပါးနှင့် ကရင်မစပါး မျိုးများကိုလည်း စိုက်ပျိုးကြပြီး ဖျက်ပိုးကျရောက်ခြင်းနှင့် ရာသီဉတုဖောက်ပြန်ခြင်းတို့အပြင် စပါးဈေး ကျဆင်းမှု တို့ကြောင့် တောင်သူများအရှုံးပေါ်လျှက်ရှိကြောင်း သိရသည်။
ကျောက်ဝအုပ်စု ရုံးပင်ကျေးရွာ တောင်သူ ကိုမင်းဦးက ဒေသပေါက်ဈေး၊ ဖျက်ပိုးကျရောက်မှု၊ ပိုးသတ်ဆေး သုံးစွဲရခြင်းနှင့် လုပ်သားရှားပါးလာခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြီး အရှုံးပေါ်လျှက်ရှိကြောင်း၊ မြို့အနောက်ဘက်ခြမ်း မိုးစပါးစိုက်တောင်သူများ အများဆုံးစိုက်ပျိုးသော ရတနာတိုး၊ ဆင်းသုခ စပါးတို့သည် တစ်ဧကလျှင် တင်း ၄၀ ခန့်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချသော မျိုးကောင်း မျိုးသန့် စပါးမျိုးများသည် အပင်အရပ်ပုခြင်း၊ သက်တမ်းတိုခြင်း၊ မျိုးစေ့ဈေးကြီးခြင်း၊ ဒေသနှင့် ကိုက်ညီမှုမရှိခြင်း တို့ကြောင့် ဒေသထွက်မျိုးများကိုသာ ဝယ်ယူသုံးစွဲနေရကြောင်း ပြောကြားသည်။
ကျောင်းကုန်းကျေးရွာတောင်သူ ကိုကျော်ဇင်ဝင်းက ကျွန်တော်တို့က ရတနာတိုးနဲ့ ကရင်မနှစ်မျိုးစိုက်တယ် ရတနာတိုး စပါးအထွက်နှုန်းကတော့ တစ်ဧကကိုတင်း ၆၀ ခန့်ထွက်တယ် ရိတ်ခြွေစက် ကျစပါးအစိုကို လယ်ထဲမှာပဲ တင်းတစ်ရာကို ၄၅၀ဝ၀ဝ ဈေးနဲ့ရောင်းတယ် အခုနှစ်မိုးစပါးကတော့ အမြတ်အစွန်း နည်းနည်းပဲရတယ် ကရင်မစပါးကိုတော့ အိမ်မှာပဲ အခြောက်လှမ်း သန့်စင်ပြီး ဈေးကောင်းရမဲ့အချိန်အထိ လှောင်ထားမယ် ဟု ပြောသည်။
မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမောင်မောင်ဌေးက ၂၀၁၈ခုနှစ် မိုးစပါးပျက်စီးမှုမှာ ၅ ဧကကို မြေဩဇာ ၁ အိပ်နှင့် တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း ယခု ၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ၂၁၁ ဧက ပျက်စီးခဲ့ခြင်းအား မြို့နယ်သဘာဝဘေးကော်မတီမှ အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း ဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်တောင်သူများကို ပညာပေး သင်တန်း ၁၁ ကြိမ်၊ ဆွေးနွေးပွဲ ၁၄၁ ကြိမ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း တောင်သူများ စိုက်ပျိုးနိုင်ရန် မျိုးကောင်းမျိုးသန့်စပါးတင်းပေါင်း ၁၀၁၇ တင်းကိုလည်း ကျေးရွာ ၉၇ ရွာ သို့ရောင်းချပေးခဲ့ကြောင်း ပြောကြားသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


