ရန်ကုန် ၈ နိုဝင်ဘာ
အများပိုင် ဘတ်စ်ကားကုမ္ပဏီဖြစ်သည့် YUPT ကုမ္ပဏီ၏ အမြတ်ငွေခွဲဝေပေးရေးနှင့် ဒါရိုက်တာအဖွဲ့အား ပြန်လည်ရွေးကောက်ရေးကို ရှယ်ယာရှင်များ၏ ဆန္ဒအမှန်ပေါ် မူတည်၍ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
"ကျွန်တော်တို့က ရှယ်ယာရှင်တွေရဲ့ဆန္ဒအမှန်ကို မေးမြန်း ထားပါတယ်။ အဲဒီရှယ်ယာရှင်တွေရဲ့ ဆန္ဒအမှန်ပေါ် မူတည်ပြီးတော့ ညီညွတ်တဲ့ စီမံဆောင်ရွက်မှုကို ဆောင်ရွက်ပေးပါ့မယ်"ဟု ဦးလှအောင် က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က Gandamar Grand Ballroom တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT)၏ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အမြတ်ငွေ ခွဲပေးရန်နှင့် အစိုးရအဖွဲ့က တိုက်ရိုက်ခန့်ထားသည့် ဒါရိုက်တာအဖွဲ့ဝင် အချို့ နှုတ်ထွက်ပေးရန် ရှယ်ယာရှင်အချို့က တောင်းဆိုခဲ့သည်။
အဆိုပါ မပြေလည်မှုများဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဉီးလှအောင် က "ကျွန်တော် ရှယ်ယာရှင်တွေရဲ့ ဆွေးနွေးမှုတွေကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးပွင့်ပွင့်လင်းလင်း ရှင်းပြဖို့တော့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ဘာကြောင့်လည်း ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ရင် အများစုသည် ယခင်က မ.ထ.သ စနစ်မှာ ပါဝင်ခဲ့တဲ့ ယာဉ်ပိုင်ရှင် အများစု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိုပုဂ္ဂိုလ်တွေဟာ ယာဉ်ပြေးဆွဲမှုအကြောင်းကိုလည်း သိရှိနေတဲ့လူတွေ ဖြစ်တယ်။ ဒီဖြစ်ပွားတဲ့နေ့မှာ ပြောကြားတဲ့လူတွေ၊ တွေ့ဆုံတဲ့လူတွေနဲ့ ပြောကြားချက်အရ တစ်နှစ်နေရင် ဘယ်လောက် အကျိုးအမြတ်ရှိမယ်။ နှစ်နှစ်နေရင် ဘယ်လောက် အကျိုးအမြတ်ရှိမယ်။ သုံးနှစ်နေရင် ဘယ်လောက် အကျိုးအမြတ်ရှိမယ်ဆိုပြီးတော့ တာဝန်ရှိတဲ့သူတွေက ရှင်းခဲ့ပါတယ်တဲ့။ ဒါပေမယ့် အဲဒီအတိုင်း ဖြစ်မလာတဲ့အတွက် ဒါလေးကို ကျွန်တော်တို့အနေနဲ့ မကြေလည်ပါဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်။ ဒါကြောင့် အဲဒီမှာ ကျွန်တော်က ဘာပြောခဲ့လည်းဆိုရင် တကယ်စတင်ပြီး လုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ကလည်း ဒီရှယ်ယာရှင်တွေကို ရှင်းတဲ့အခါမှာ သေသေချာချာရှင်းဖို့ လိုပါတယ်"ဟု ပြောသည်။
ထိုသို့ YUPT ၏ ဒုတိယအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်မပြေလည်မှုများ ဖြစ်ပွား ခဲ့သည့်အတွက် နောက်ရက်၌ YRTA ဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီးဒေါ်နီလာကျော်က အဖွဲ့ဝင်များနှင့်အတူ ယာဉ်ပိုင်ရှင် ကိုယ်စားလှယ် ၇ ဦးကို လက်ခံတွေ့ဆုံခဲ့ပြီး ၎င်းတို့တင်ပြချက် အားလုံးသည် YUPT တွင် ပါဝင်နေသော ရှယ်ယာရှင်များ၏ ဆန္ဒ ဟုတ်၊ မဟုတ်ကို ပြန်လည်မေးမြန်းထားကြောင်း၊ YRTA အနေဖြင့် ၎င်းတို့၏ ပြန်လည်တင်ပြချက်ရရှိပါက ရှယ်ယာရှင်များ၏ တင်ပြချက်အပေါ် အဆင်အပြေဆုံးဖြစ်အောင် စီမံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် YUPT ၏ ဒါရိုက်တာအဖွဲ့အား ပြန်လည် ရွေးကောက်ရန်အတွက် ရွေးကောက်ပွဲတွင် ကြီးကြပ်ရန် YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် ပါဝင်သည့် အဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
လက်ရှိ YBS ကုမ္ပဏီများထဲတွင် YUPTကုမ္ပဏီသည် အင်အားအကြီးဆုံးနှင့် ယာဉ်လိုင်းအများဆုံး ပါဝင် ပြေးဆွဲနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရကလည်း ရှယ်ယာထည့်ဝင်ထားသည့် ကုမ္ပဏီဖြစ်သည်။
ထို့ကြောင့် အင်အားကြီး ကုမ္ပဏီဖြစ်သည့်အတွက် ဝန်ဆောင်မှုများ လက်ရှိထက် လျော့မသွားအောင် YRTA အနေဖြင့်ဝိုင်းဝန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဦးလှအောင် က ဆက်ပြောသည်။
လက်ရှိ YUPTကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားသည့် ရှယ်ယာရှင် သုံးရာကျော်ရှိကြောင်း သိရသည်။
Nyein Nyein


