မြိတ် ၈ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ကုမ္ပဏီများစုပေါင်း၍ နဝမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် လှူဒါန်းကြမည့် ပဒေသာပင်(၈၃)ပင်နှင့် လှူဖွယ်ပစ္စည်းများကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက ပြည်သူများသဒ္ဒါပွားများ နိုင်စေရန်အတွက် မော်တော်ယာဉ်များဖြင့် တင်ဆောင်ကာ အိုးစည် ဒိုးပတ်ဝိုင်းများက ကထိန်အလှူတော်မင်္ဂလာ သီချင်းများဖြင့် လေးကျွန်းဆီမီး စေတီတော်အရှေ့ စုရပ်မှစတင်ကာ မြို့တွင်း လှည့်လှည်ခဲ့ကြသည်။
ပဒေသာပင်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်တန်းသည် စည်ကားစွာဖြင့် သတ်မှတ်လမ်း ကြောင်းအတိုင်း လှည့်လည်ခဲ့ကြပြီး လေးကျွန်းဆီမီးစေတီတော်သို့ ပြန်လည်ရောက်ရှိကာ ပဒေသာပင် များကို ဗုဒ္ဓသာသနာ့ဗိမာန်အတွင်းသို့ သယ်ယူပို့ဆောင်ခဲ့ကြသည်။ ၄င်းပဒေသာပင်များကို နိုဝင်ဘာ(၉)ရက် လေးကျွန်း ဆီမီးစေတီတော် သာသနာ့ဗိမာန်တွင်ကျင်းပမည့် စုပေါင်းမဟာဘုံ ကထိန်အလှူတော် မင်္ဂလာ အခမ်းအနား၌ စာရေးတံမဲဖောက်၍ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်ဆက်ကပ် လှူဒါန်းသွားကြမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


