ထန်းတပင် ၈ နိုဝင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို နိုဝင်ဘာ ၇ ရက်နေ့၊ နံနက် ၅ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲတွင် သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဉတ္တရထံမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပင့်သံဃာတော် အရှင်သူမြတ် (၅)ပါး တို့က ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့ကြသည်။
၄င်းနောက် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အရုဏ်ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော် အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၉)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဗလာမပါကံစမ်းမဲ အစီအစဉ်များဖြင့် ပျော်ရွှင်စွာ မဲဖောက် ပေးခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


