မင်းလှ  ၈   နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်နှစ်စဉ် ကျင်းပလျက်ရှိသော ကျောင်း ကထိန်ပွဲများကို နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီချိန်က ပျော်ရွင်စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကျင်းပခဲ့သည်။

 

အ.ထ.က(မင်းလှ) မိသားစု ဘုံကထိန်ပွဲကို အ.ထ.က (မြို့တွင်း)နှင့် (မြို့ပြင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမော်ချို၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ (၁၇၈၀)ဦးကျော်တို့ စုပေါင်း လှူဒါန်းသော ငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း(၇၀)ကျော် တန်ဖိုးရှိသော ပဒေသာပင်များကို  မြို့တွင်းသို့ အဆို၊ အတီး၊ အက၊ ဘင်ခရာတီးဝိုင်းများဖြင့် ပျော်ရွင်စွာ စီတန်း လှည့်လည်ပြီး အမှတ်(၂)ရပ်ကွက်၊ ကျောင်းလမ်းသဒ္ဓမ္မပဇ္ဇောတာရုံဘုန်းတော်ကြီး ကျောင်းကို သွားရောက်ကာ ကထိန်ခင်း ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

 

အလားတူ အ.လ.က(လမ်းမတော်) ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်း၊ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၃၈၀) ဦးခန့်တို့ကလည်း ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ ၂၇၀၉၀ဝ၀ ကျော်ရှိသော ပဒေသာပင်များဖြင့် မြို့တွင်းသို့လှည့်လည်ပြီး အမှတ်(၅)ရပ်ကွက်၊ ဝေဠုဝန်လမ်းရှိ ရွှေကမ္မဌာန်းတောရ ဘုန်းတော်ကြီးကျောင်းတိုက်ကို သွားရောက်ပြီး ကထိန်ခင်း ဆက်ကပ်လှူ ဒါန်းပေးခဲ့ကြောင်း၊ စေတနာ အလှူရှင် မိဘပြည်သူများကလည်း ဘုန်းတော်ကြီးကျောင်း အသီးသီး၌ ကထိန်အလှူပွဲများ ပျော်ရွင်စွာ လှူဒါန်း ကျင်းပနေလျှက်ရှိကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)