မိုင်းယု ၈   နိုဝင်ဘာ

 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ပေါ်နှင့် ကျေးလက်ဒေသရှိ ဒေသခံ ရှမ်းတိုင်းရင်းသား တို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှု မရှိစေရန်အတွက်ရည်စူး၍ တစ်နှစ်လျင် တစ်ရွာစီဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ ဝမ်တာကြန့် ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာရှိ ဘုန်ကြီးကျောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

ဆင်ဆွဲ ပွဲတော်ကို တစ်နှစ်လျင်တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက် ဆင်ရုပ်များ ကြိုတင်ပြင်ဆင်ပြုလုပ်ထားရပြီး အလှူပွဲကျင်းပသည့် နေ့ရက်၌ ယင်းအရုပ်များ ပေါ်တွင် မိမိတို့ စိတ်စေတနာသဒ္ဒါတရား ထက်သန်သည့်အပေါ် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများဖြင့် အလှတန်ဆာဆင်ယင်ထားသည့် ဆင်ရုပ်ကို ကြိုးများဖြင့် ချည်ဆွဲ၍ ရွာအတွင်း လှည့်လည် ပြသပြီး အလှည့်ကျရာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ကြပြီး သံဃာတော်များထံ ပရိတ်တရားတော်များ နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။

 

           

ယင်း ပွဲတော်ကို မိုင်းယုမြို့သို့ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ရောက်ရှိစဉ်က မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဤအလှူပွဲကို တစ်နှစ်လျင်တစ်ရွာစီ အလှည့်ကျ ပြုလုပ် လှူဒါန်းပေးကြရန် မိန့်ကြားတော်မူခဲ့ရာကစ မိုင်းယုမြို့တွင် ဆင်ဆွဲပွဲတော်ကို စတင်ကျင်းပလာ ခဲ့ရခြင်းဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားခဲ့သည်။

 

 

ထိုပွဲတော်သို့ လာရောက်လည်ပတ်သော ဧည်သည်တော်များအား အလှူရှင်များက ရိုးရာအစားအသောက် များဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့်လည်း ကပြဖော်ဖြေ တင်ဆက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း၊ အဆိုပါ ပွဲတော်အတွင်း ဈေးသည်များ၊ လာရောက် လည်ပတ်သူများ၊ ဒေသခံပြည်သူတို့နှင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

 

 

ကိုကိုနိုင်(မိုင်းယု)