မကွေး ၈ နိုဝင်ဘာ

 

သီတင်းကျွတ်ကာလအတွင်း မကွေးမြို့တွင်းပွဲရုံများမှ ငွေကျပ်သိန်းတစ်ရာခန့်တန်ဖိုးရှိ နှမ်းအိတ် (၁၀ဝ)ကျော် ခိုးယူခဲ့သူများကို ဖမ်းဆီးပေးသူများနှင့် ပြည်သူအခြေပြု ရဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ခဲ့သူ ရဲတပ်ဖွဲ့များအား ချီးကျူး ဂုဏ်ပြုပွဲတစ်ရပ်ကို ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

2

 

ဂုဏ်ပြုခံရသူများမှာ မကွေးမြို့ ၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင် ၊ ရဲတပ်ကြပ် စိုးမိုးအောင် ၊ ရဲတပ်ကြပ်ဇော်မင်းထွန်း ၊ ရဲတပ်သားဝေလင်းနိုင် ၊ ရဲတပ်သားကျော်ဆန်းမိုး ၊ရဲတပ်သား သန်းဇော် ၊ အောင်ရတနာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း နှင့် ကုန်သည်/စက်မှုအသင်း တွဲဘက် အတွင်းရေးမှူး(၂)ဦးအေးလှိုင်တို့ ဖြစ်သည်။

 

 “ မကွေးမြို့မှာက ပြည်သူနဲ့ ရဲအင်အားအချိုးက ၁၄၀ဝ အချိုး ၁ ဖြစ်ပါတယ်။ ပြည်သူနဲ့ရဲတပ်ဖွဲ့ပူးပေါင်းပြီး ပြည်သူအခြေပြု ရဲလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့လို့သာ ဒီလို ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ ” ဟု မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ၊ ဒုတိယ ရဲမှူးကြီး စိုင်းခမ်းလူက ဆိုသည်။

 

ဂုဏ်ပြုပွဲတွင် ဒုရဲအုပ်အား ငွေကျပ်တစ်သိန်းခွဲ နှင့် ဂုဏ်ပြုလွှာ ၊ တပ်ကြပ်(၂)ဦးအား ငွေကျပ် ၇၅၀ဝ၀ စီ နှင့် ဂုဏ်ပြုလွှာ ၊ရဲတပ်သား(၃)ဦးအား ငွေကျပ် ၅၀ဝ၀ဝ စီနှင့် ဂုဏ်ပြုလွှာများချီးမြှင့်ပေးခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကုန်သည်/ စက်မှုအသင်းမှတာဝန်ရှိသူတို့အား ဂုဏ်ပြုလွှာနှင့် လက်ဆောင်များ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂုဏ်ပြုပွဲသို့ မကွေးကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌဦးဖိုးနီ ၊ ဒုဥက္ကဌ(၁) ဦးညွန့်ဝင်း ၊ ဒုဥက္ကဌ(၂) ဦးထိန်ဝင်း ၊ ဒုဥက္ကဌ(၃) ဦးစောသိန်း ၊ အတွင်းရေးမှူး ဦးမင်းမင်းအောင် ၊ ဘဏ္ဍာရေးမှူး ဦးစိန်မြင့်အောင် နှင့် ကုန်သည်ကြီးများ ၊ မကွေးခရိုင်နှင့် မြို့နယ်တို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကုန်သည်များက အမှတ်(၂) ရဲ စခန်း ဝင်းထရံကာရံရေးအတွက် ငွေကျပ် တစ်သိန်းခွဲ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)