နေပြည်တော် ၈ နိုဝင်ဘာ
လက်ရှိတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော မန္တလေးမြို့ ရှိ ရွှေကျောင်း ဟု လူသိများသည့် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်သံရုံးက အမေရိကန်ဒေါ်လာ သုံးသိန်း ဆက်လက် အကူအညီပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာသည်။
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စု၏ အကူအညီမှာ ယခုအကူအညီပေးသည့် အမေရိကန်ဒေါ်လာ သုံးသိန်း အပါအဝင် စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဒီသမိုင်းဝင်ကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီပေးတာဟာ ဒေသခံပြည်သူတွေအတွက် အကျိုးရှိသလို ခရီးသွား ဧည့်သည်တွေအတွက်လည်း ဒီအရေးပါလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက် အအုံကို ဆက်လက်ပြီး ကြည့်ရှုလေ့လာ ခံစားနိုင်ဖို့အတွက် အထောက်အကူပြုမှာ သေချာပါတယ်” ဟု အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် က ပြောသည်။
ထို့ပြင် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှ စ၍ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အ ဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့နှင့် ဒေသခံလက်မှုပညာ ရှင်များမှ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ရွှေနန်းတော်ကျောင်း တစ်ခုလုံးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့မှ သုတေသနပြုလုပ်ပြီး လှေကား အုံကြီးအား ပြုပြင်ခြင်း၊ ကျွန်းသစ်နေရာများတွင် ပျဉ်းကတိုးဖြင့် မူလကဆောက်လုပ် ထားသည့်အတိုင်း အစားထိုးခြင်း၊ အလှဆင်ထားသော အနုပညာလက်ရာများအား ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရွှေနန်းတော်ကျောင်းသည် ၎င်း၏ သမိုင်းဆိုင်ရာအချက်အလက်များနှင့် ဗိသုကာ ဆိုင်ရာ ထူးခြားမှုများကြောင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနဆိုင်ရာ စစ်တမ်း အရ ထိန်းသိမ်းကာကွယ်ထားသော ကျောင်းတော်ကြီး ခုနှစ်ကျောင်းစာရင်းတွင် ၁၉၁၉ ခုနှစ်မှစ၍ ပါဝင်ခဲ့ကြောင်းသိရသည်။
ရွှေနန်းတော်ကျောင်းသည် မူလက နန်းတော်တွင် မင်းတုန်းမင်း စံမြန်းခဲ့သည့် အဆောင်ဖြစ်ကာ မင်းတုန်းမင်း နတ်ရွာစံပြီး သားတော်သီပေါမင်းက ယခုနေရာတွင် ဘုန်းတော်ကြီးကျောင်းအဖြစ် ပြောင်းရွှေ့ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)


