ရန်ကုန် ၈ နိုဝင်ဘာ
(၆) ကြိမ်မြောက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခြေခံသင်တန်းကို ကမ္ဘာ့အသိဉာဏ် ပစ္စည်းဆိုင်ရာ အဖွဲ့အစည်း (WIPO) နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) က နိုဝင်ဘာ (၁၇) ရက်တွင် ရုံးခန်းအမှတ်(၂၁၀)၊ အခန်း ၇(ခ)၊ ၇ လွှာ၊ မြတ်ဆုမွန် ကွန်ဒို၊ ကမ္ဘာအေးစေတီလမ်း၊ မရမ်းကုန်းမြို့နယ်၌ ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါသင်တန်းကို နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တီထွင်ဖန်တီးမှုကို မြှင့်တင် အကာအကွယ်ပေးမည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ပြည်သူ့လွှတ်တော်က ယခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးမှာ တီထွင်ဖန်တီးသူများ၊ မူပိုင်ခွင့် အကျိုးဆောင်လိုသူများ၊ ရှေ့နေရှေ့ရပ်များနှင့် အများပြည်သူအား မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဖြန့်ဝေပေးနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများ MIPPA ရုံးသို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


