နေပြည်တော် ၁၁ နိုဝင်ဘာ

 

နိုဝင်ဘာ(၉)ရက် မြန်မာစံတော်ချိန် (၀၄:၀၀) နာရီတွင်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

 

 ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL) သည် မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့ တောင်ဘက် ရေမိုင် (၈၅) မိုင်ခန့်၊ စာဂါကျွန်း (Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၄၅) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ အနောက်တောင်ဘက် ရေမိုင် (၂၁၅) မိုင်ခန့်၊ မြန်မာ နိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်တောင်ဘက် ရေမိုင် (၃၀၅) မိုင်ခန့်နှင့် မောင်တောမြို့ (Maungdaw) ၏ အနောက်တောင်ဘက် ရေမိုင် (၂၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။


အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာစံတော်ချိန် (၀၃:၃၀)နာရီတွင် မြောက်လတ္တီကျု (၁၉.၃) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၆) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၀) ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၈၀)နှုန်း ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိရွေ့လျားနှုန်းမှာ တစ်နာရီလျှင် (၁၃)မိုင်နှုန်း ဖြစ်ပါသည်။

 

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)သည် ကနဉီးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စာဂါကျွန်း (Sagar Islands) နှင့် ခီပူပါရာမြို့ (Khepupara) တို့ကြားမှ နိုဝင်ဘာ (၁၀) ရက် နံနက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အနေ ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

 

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက် (၄၈) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၅၅) မိုင်မှ မိုင် (၆၀) အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၅) ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

 


အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။

MDN

 

mdn