မြိတ်   ၉   နိုဝင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက(၁)ကျောင်း ပညာဗိမာန်ခန်းမတွင် ကျောင်းပညာရေးနှင့် ရသ စာပေပေါင်းကူးဆက်စပ်ပေးရန် ရည်ရွယ်ချက်ဖြင့် Pen Myanmar မှ (၁၃၄) ကြိမ်မြောက် ရသအစုန်အဆန် ရေးသူ ဖတ်သူစုန်ဆန်ပွဲကို နိုဝင်ဘာ  ၈ ရက် နေ့လယ် ၁ နာရီက ကျင်းပသည်။

Pen Myanmar မှ ကဗျာဆရာ စောဝေ မှ  ရသကဗျာစတင်ရွတ်ဆိုကာ စာရေးဆရာ/မများ၊ ကဗျာ ဆရာ/ဆရာမများနှင့် မြိတ်မြို့ရှိ စာရေးဆရာ၊ ကဗျာဆရာတို့မှ ရသစာပေများကို ရွတ်ဆိုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ များမေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကာ မေးမြန်းဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူ များကို အမှတ်တရ စာအုပ်များ ပေးအပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရသစာပေများအပြင် သတင်းအချက်အလက် ဥပဒေအကြောင်းဆွေးနွေးခဲ့ကြပြီး သတင်း အချက်အလက် အဓိပ္ပါယ်၊ အယူအဆ၊ ရပိုင်ခွင့်၊ အကျိုးကျေးဇူးများနှင့် သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ၏ အခြေခံလိုအပ်ချက်(၇)ချက်ပါ ပညာပေးလက်ကမ်း စာစောင်ကို တက်ရောက်လာကြသူများအားဖြန့်ဝေခဲ့ကြသည်။

ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲကို  Pen Myanmar မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ စာရေးဆရာမ မိချမ်းဝေ၊ ကဗျာဆရာ စောဝေနှင့် စာရေး ဆရာ/ဆရာမများ၊ အထက(၁)ကျောင်းမှ (၉)တန်း (၁၀)တန်း ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ မြိတ်မြို့ရှိ စာရေးဆရာ၊ ကဗျာဆရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)