ပြင်ဉီးလွင် ၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ မီးပုံးပျံပွဲတော် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း ပွဲကျင်းပရေးကော်မတီအဖွဲ့ထံက သိရသည်။
ယခုနှစ် ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာ ၁၂ ရက်နေ့ အထိ မဟာအံ့ထူးကံသာဘုရား အနီး တန်ဆောင်တိုင်ကွင်းတွင် ၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ယနေ့ ဖွင့်ပွဲနေ့တွင် မီးပုံးပျံ အလုံးငယ် ၁၀ဝ၀ လွှတ်တင်ကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဌေးကို ကပြောသည်။
''မီးပုံးပျံ စုစုပေါင်းအရေအတွက် က မနှစ်ကထက်တော့ လျော့သွားပါတယ်။ဒါပေမဲ့ အရင်နှစ်ကထက် ညမှာလုပ်မဲ့ မီးပုံးပျံပွဲက မီးပုံပျံအလုံးရေ ပိုတိုးလာပါတယ်။ နေ့ရုပ်အလှ မီးပုံပျံလွှတ်တင်ပွဲမှာ မီးပုံပျံအလုံးအရေက နည်းနည်းလျှော့သွားတယ်။ လုံခြုံရေးကိုလည်း အစီစဉ်ကျအောင်လုပ်ထားလို့ မိဘပြည်သူတွေ စိတ်ပူစရာမလိုဘဲ ပျော်ရွင်မှုကို လာခံစားလို့ရပါတယ်''၎င်း ပြောသည်။
(၁၅) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ မီးပုံးပျံပွဲတော်တွင် ညမီးကျည် မီးပုံးပျံ အလုံး ၂၀၊ စိန်နားပန်မီးပုံးပျံ ၁၈ လုံးနှင့် နေ့ရုပ်အလှမီးပုံးပျံ ၄၄ လုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ညမီးကျည်မီးပုံးပျံ၊စိန်နားပန်မီးပုံးပျံနှင့် နေ့ ရုပ်အလှမီးပုံပျံ စုစုပေါင်း ၈၈ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ၎င်းကပြောသည်။
ထို့အပြင် (၁၅) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ မီးပုံးပျံပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ခေါင်းရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲနှင့် ညခင်းပိုင်းတွင် ဇာတ်ပွဲ၊ စတိတ်ရှိုးအစီအစဉ်များ၊ LED မီးအလှပြပွဲများ၊ စားသောက်ကုန်ရောင်းချ ပွဲတော်များ ပါဝင်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ (အဖိတ်နေ့) ညတွင် မဟာအံ့ထူးကံသာဘုရား၌ မသိုးသင်္ကန်းကပ်လှူခြင်းများနှင့် လပြည့်နေ့တွင် ဆီမီး ၉၀ဝ၀ ကပ်လှူပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီထံက သိရသည်။
လူအောင်(ကသာ)


