ဂန့်ဂေါ  ၉   နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မြောက်ကုန်းရပ် သမိုင်းဝင်ဆုတောင်းပြည့် ရွှေပြည်ဆိပ်ဦးဘုရား ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဘော်လီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ထိုသို့ ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပနိုင်ရန် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဂေါပကအဖွဲ့ဝင်များနှင့် အား/ကာကော်မတီမှ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်၍ စည်းကမ်းသတ်မှတ်ခြင်း၊ ပွဲစဉ်ရေးဆွဲကြရာ ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်သောင်းက ပြိုင်ပွဲ၏ စည်းကမ်းချက်များ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပွဲစဉ်ဇယားရေးဆွဲခြင်းများနှင့် အားကစားတိုးတက်ရေးအတွက် အားကစား သမားများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)