လွိုင်ကော်  ၉   နိုဝင်ဘာ

 

ကယားပြည်နယ်မှ တိုင်းရင်းသားလူငယ်များ၏ အနုပညာဖြင့် စုပေါင်းပုံဖော်ဖန်တီးထားသော “မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းဖျော်ဖြေရေးအဖွဲ့နှင့် ဝန်းရံခဲ့ကြသူများအား ကယားပြည်နယ် အစိုးရအဖွဲ့မှဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနားအား နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည်ပြည်နယ်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ညနေခင်းတစ်ခုဖြစ်ကြောင်း၊မိမိတို့ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ၏ စုစည်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့်တေးသီချင်းအတွက် ဂုဏ်ယူစရာ တစ်ရပ်ဖြစ်ပါ ကြောင်း၊သီချင်းအားရေးစပ်သီကုံးခဲ့သည့် တေးရေးဆရာများ၊ သီဆိုပေးခဲ့သည့် အနုပညာရှင်များကိုလည်း များစွာ ကျေးဇူးတင်ပါကြောင်း၊ ယခုသီချင်းတွင်ပါဝင်သည့်ခေါင်းစဉ်နှင့်စာသားများ၏ အဓိပ္ပါယ်သည် များစွာ ကောင်းမွန်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ပြည်နယ်မှဦးဆောင်ဦးရွက်ပြု၍ ဝန်းရံခဲ့သည်ကို အားလုံး၏အလယ်တွင် ချပြနိုင်ခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါကြောင်း၊ ယင်းသီချင်းကြောင့် အားလုံးကို စုစည်းစေပြီး စည်းလုံးညီညွတ်မှု ဖြစ်စေပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့အားလုံးတွင် တာဝန်ရှိသည့်အလျောက်အငြိုး၊အမုန်း၊အာဃာတများကိုထားခဲ့ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုရောက်ရှိအောင် မိမိတို့၏ အသိစိတ်ဓာတ်များဖြင့် ဝန်းရံ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဂုဏ်ပြုပြောကြားခဲ့သည်။

 

ထို့နောက် အင်္ဂလီကန်အသင်းတော် ဂိုဏ်းချုပ်ဆရာ တော်စတိုင်လိုမှငြိမ်းချမ်းရေးအတွက် အားပေးအမှာ စကားပြောကြားခြင်း၊ခရစ္စတူးဘုရင် ဘုရားရှိခိုးကျောင်း(ဗဟို)ဘုန်းတော်ကြီး ဖိလစ်အောင်ငဲမှ အားပေးအမှာ စကား ပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်ဆန်နီ မှ ဂုဏ်ပြုအားပေးစကားပြောကြားခြင်း၊ မငြိမ်းချမ်းလို့မဖြစ်ဘူးတေးသီချင်းရေး စပ်ပုံဖော်သူ ဒါရိုက်တာ ကိုမင်းသိုက်မှ တေးသီချင်းပုံဖော်ဖန်တီးခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ‘‘မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းရိုက်ကူးခဲ့မှုနှင့်ပတ်သက်၍ ဦးဝင်းမော်မှဂုဏ်ပြုစကားပြောကြားခြင်း၊ NCA (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့မှု Video Clip အား ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးသက်နောင်ထွန်း (သစ်လွင်အောင်-လွိုင်ကော်)မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ကယားတိုင်းရင်းသား များ၏ရိုးရာ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ချုပ် နာယကကြီးဦးလိရယ်မောင်သိန်းမှ ဆုတောင်းမေတ္တာပို့သခြင်း များ ဆောင်ရွက်ခဲ့ပြီးနောက် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

22

 

ယင်းနောက် အခမ်းအနားကို “ မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်းအားတက်ရောက်လာသူများအားလုံးက စုပေါင်းဂုဏ်ပြုသီဆို၍ ဂုဏ်ပြုညစာစားပွဲအားပိတ်သိမ်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ   အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

 

ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊အင်္ဂလီကန်အသင်းတော် ဂိုဏ်းချုပ်ဆရာတော်၊ ခရစ္စတူးဘုရင် ဘုရားရှိခိုးကျောင်း(ဗဟို) ဘုန်းတော်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊မငြိမ်းချမ်းလို့ မဖြစ်ဘူး တေးသီချင်းအား စုပေါင်း ပုံဖော်ဖန်တီးခဲ့ကြသော တိုင်းရင်းသားလူငယ်မောင်မယ်များနှင့် ဖိတ်ကြားထားသူများ စုံလင်စွာတက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား

 

22