မူဆယ် ၉ နိုဝင်ဘာ

 

တန်ဆောင်တိုင် အလုပ်ပိတ်ရက်ကာလတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ သိန်းသန်းချီကားကြီးရှိ အဝေးပြေးယာဉ်လိုင်းများမှ ခရီးသည်ယာဉ်လက်မှတ်များ သာမန်ပုံမှန်အတိုင်းသာ ရောင်းနေရကြောင်း အဝေးပြေးယာဉ်လိုင်းဂိတ်မှူးများ၏ ပြောကြားချက်အရ သိရသည်။

 

“တန်ဆောင်တိုင်အလုပ်ပိတ်ရက်မှာ ခရီးသည်ယာဉ်လက်မှတ်ရောင်းအားကတော့ အရင်ရက်တွေအတိုင်း ပုံမှန်ပါပဲ၊ ပိုမရောင်းရပါဘူး၊ သတင်းကျွတ်ကာလနှင့် သင်္ကြန်ကာလအလုပ်ပိတ်ရက်တွေမှာတော့ ယာဉ်လက်မှတ်တွေ ပိုရောင်းရပါတယ်” လို့ အဝေးပြေးယာဉ်လိုင်းမှ ဝင်းနားယာဉ်ဂိတ်မှူးက ခရီးသည်ယာဉ်လက်မှတ်များ အရောင်းပါးနေခြင်းကို  ပြောကြားသည်။

 

“ဒီတန်ဆောင်တိုင်အလုပ်ပိတ်ရက်မှာတော့ မူဆယ်မြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ အလုပ်သမားတွေ အများစုက ဒီမှာပဲ ဆင်နွဲကြတာများပါတယ်၊ ကျန်တဲ့အလုပ်ပိတ်ရက်တွေမှာ ပြန်တာများတယ်” လို့  ရွှေမန္တလာယာဉ်ဂိတ်မှူးက ပြောကြားသည်။

 

မူဆယ်မြို့သည် မြန်မာနိုင်ငံဒေသအနှံ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလုပ်လာရောက်လုပ်ကိုင်သူများ၊ အလုပ်လာရောက်ရှာဖွေသူများနှင့် တိုင်းရင်းသားပေါင်းစုံ စုဝေးသည့်နယ်စပ်မြို့ဖြစ်သည်။ ရက်ရှည်အလုပ်ပိတ် ရက်များဖြစ်သည့် သင်္ကြန်အလုပ်ပိတ်ရက်၊ သတင်းကျွတ်အလုပ်ပိတ်ရက်နှင့် တစ်ခြားအလုပ်ပိတ်ရက်တို့တွင် အဝေးပြေးယာဉ်လက်မှတ်များ ရောင်းအားကောင်းနေပြီး ယခုတန်ဆောင်တိုင် အလုပ်ပိတ်ရက်တွင် ဌာနေပြန်ခရီးသည်များ  နည်းပါးကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)