နေပြည်တော် ၉ နိုဝင်ဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ‘၁၂ ကြိမ်မြောက် အာဆီယံ-တရုတ် ရှေ့နေချုပ်များ ညီလာခံ’သို့ တက်ရောက်ခဲ့သည်။
အဆိုပါ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန် တက်ရောက်၍ အမှာစကားပြောကြားသည်။
ညီလာခံကို ‘ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အစိုးရရှေ့နေများ၏ အခန်းကဏ္ဍ' ခေါင်းစဉ်ဖြင့် ကျင်းပရာ တက်ရောက်လာကြသော အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှေ့နေချုပ်များ၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက ဥပဒေရေးရာနှင့် အတွေ့အကြုံများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။
အဆိုပါညီလာခံတွင် ပြည်ထောင်စုရှေ့နေချုပ်က လူကုန်ကူးမှုသည် နိုင်ငံဖြတ်ကျော်မှုခင်းတစ်ရပ်အဖြစ် နိုင်ငံအသီးသီး ကြုံတွေ့နေရပါကြောင်း၊ အဆိုပါ မှုခင်းများကိုတရားစွဲဆို ဆောင်ရွက်ရာတွင် သက်သေခံချက်များ၊ သက်သေတို့၏ ထွက်ဆိုချက်များ၊ တရားခံလွှဲပြောင်းခြင်းများအတွက် သက်ဆိုင်သည့် နိုင်ငံများအကြား ထိရောက်သည့် နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုအများစုမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းတို့ ဖြစ်ပါကြောင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဥပဒေမူဘောင်များသည် အရေးကြီးပါကြောင်း။
မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် Palermo Protocol တို့ကို လည်းကောင်း၊ လူကုန်ကူးမှုများ တားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးနှင့် အရေးယူအပြစ်ပေးရေးဆိုင်ရာ ပရိုတိုကောနှင့် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့မှ လူမှောင်ခိုပြုလုပ်မှုများ တားဆီးရေး ဆိုင်ရာ ပရိုတိုကော တို့ကိုလည်းကောင်း လက်ခံပါဝင်ခဲ့ပါကြောင်း၊ ထို့ပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀ဝ၅ ခုနှစ်တွင် ပြဌာန်း၍ လူကုန်ကူးမှုများကို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တွင် အပြန်အလှန်ကူညီပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေကို ၂၀ဝ၄ ခုနှစ်တွင် ပြဌာန်း၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်လည်း နှစ်နိုင်ငံသဘောတူညီချက် များ ချုပ်ဆို၍ လူကုန်ကူးမှုများကို နှိမ်နင်းလျက်ရှိပါကြောင်း။
လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကို တရားစွဲဆိုရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေအရာရှိ ၂၄ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး အမေရိကန်ပြည်ထောင်စု တရားရေးဌာနနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လူကုန်ကူးမှုများကို ထိရောက်စွာ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်စာအုပ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုမှ သက်သေနှင့် နစ်နာသူ များကို တရားရုံးတွင် စစ်ဆေးခြင်းမပြုမီ ကြိုတင်ပြင်ဆင်ပေးသည့် Pre-Trial Interview ကို ကျင့်သုံး ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆန့်ကျင်တိုက်ဖျက်လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ သည် ညီလာခံ ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ကြပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်း ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။
အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုရှေ့နေချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် Mr. Zhang Jun နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ တရားစီရင်ရေးစနစ်များ လေ့လာနိုင်ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးတွဲကျင်းပရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် အပြန်အလှန် အကူအညီပေးရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


