နေပြည်တော် ၉ နိုဝင်ဘာ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ကရင်ပြည်နယ် မြိုင်ကလေးမြို့၊ မွန်ပြည်နယ် သထုံမြို့နှင့် မော်လမြိုင်မြို့တို့ရှိ Gas Control Station စခန်းများ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်း (သွေးသောက်)တို့အား နိုဝင်ဘာ ၈ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကလေးမြို့ရှိ Gas Control Station စခန်းသို့ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှတာဝန်ရှိသူများက Gas Control Station စခန်းမှ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး  ဒုတိယဝန်ကြီးက Gas Control Station စခန်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် သထုံမြို့နှင့် မော်လမြိုင်မြို့ရှိ Gas Control Station စခန်းနှင့် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်း (သွေးသောက်)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

မြိုင်ကလေး Gas Control Station စခန်းသည်ဇောတိကကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို မြိုင်ကလေး ဘိလပ်မြေစက်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၁၇ ကုဗပေသန်းခန့်နှင့် ရန်ကုန်မြို့ဧရိယာရှိ စက်ရုံ၊အလုပ်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀ ခန့်အား လည်းကောင်း၊ သထုံ Gas Control Station စခန်းသည် မြိုင်ကလေး Gas Control Station စခန်းမှတစ်ဆင့်ပေးပို့လာသော ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့များကို ထပ်ဆင့်ထိန်းညှိ၍ သထုံမြို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀ ခန့်အား လည်းကောင်း ဖြန့်ဖြူးပေးလျက်ရှိသည်။           

 

မော်လမြိုင် Gas Control Station စခန်းသည် ဇောတိကကမ်းလွန်မှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို မော်လမြိုင်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ၃၆ ဒသမ ၅ ကုဗပေသန်းအား ဖြန့်ဖြူးပေးလျက်ရှိသည်။

 

မော်လမြိုင် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်း (သွေးသောက်) သည် ကံပေါက်-မြိုင်ကလေး-ရန်ကုန် လက်မ ၂၀ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှ မြိုင်ကလေးသဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းအထိ စုစုပေါင်း ပိုက်လိုင်းအရှည် ၁၉၂ မိုင်အား တာဝန်ယူပြုပြင် ထိန်းသိမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 (သတင်းစဉ်)

 

DSC_06