လှိုင်သာယာ ၁၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်ခန်းမ တည်ဆောက်ပြီးစီးပြီဖြစ်ရာ မကြာမီအချိန် အတွင်း ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ခန်းမသည် ကျန်စစ်သားလမ်းမကြီးပေါ်တွင်ရှိပြီး ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ယာဝန်းအတွင်း တည်ရှိရာ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ရုံးရှေ့ကားမှတ်တိုင်အနီး ပြည်သူများ သွားလာရေး အဆင်ပြေသည့် နေရာတွင် ဆောင်ရွက်ထားခြင်းဖြစ်သည်။
မြို့နယ်ခန်းမသို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းမောင်၊ လှိုင်သာယာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေး တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ခန်းမ တည်ဆောက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြ ပြီး မကြာမီ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းခဲ့ကြသည်။
အဆိုပါ မြို့နယ်ခန်းမသည် နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ပြီးစီးပါက လှိုင်သာယာမြို့နယ်၏ ဌာနဆိုင်ရာ စည်းဝေးဆွေးနွေးပွဲများ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခမ်းအနားများ၊ အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများအား ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်တာ


