ရွှေဘို  ၁၀  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်ချူးချူး(ခ)ဒေါ်တင့်တင့်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွှေဘိုခရိုင်/မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက ရွှေဘိုမြို့ အောင်ဇေယျ လမ်းမကြီးတလျှောက်  (၁၀၅) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ  ဘုံမဟာကထိန်ပွဲတော် ပဒေသာပင်မဏ္ဍပ်များ ခင်းကျင်းပြသမှုနှင့် အနယ်နယ်အရပ်ရပ်မှ မြေထည်ဖြင့် ပြုလုပ်ထားသော  အိုးဘုတ်ဂျိုးရုပ်  ဈေးဆိုင်ခန်းများ၊ စက္ကူဖြင့်ပြလုပ်ထားသော ပစ်တိုင်းထောင်၊ ဇီးကွက်၊ ဆင်၊ မြင်း စသည့်ကစားစရာမျိုးစုံ ဈေးဆိုင်ခန်းတို့အား လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ရွှေဘိုမြို့ သီရိမင်္ဂလာဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၃၀ အတွက်  စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဆောင်းရာသီခြုံစောင် အထည် ၃၀ ကို အသီးသီးလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)