နေပြည်တော် ၁၀ နိုဝင်ဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း၊ ကရင်ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က)အဆင့် (မော်လမြိုင်)သို့ ရောက်ရှိရာ ပြည်နယ်ရောင်းဝယ်ရေးအရာရှိနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စက်သုံးဆီများတရား မဝင်တင်သွင်းလာပါက ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်၊ တရားမဝင်စက်သုံးဆီ ဆိုင်များ ပပျောက်ရေးဆောင်ရွက်သွားရန်၊ ကျေးလက်ဒေသများတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာသုံးစက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ် ရောင်းချခွင့်လိုင်စင်များ စိစစ်ခွင့်ပြု ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျေးလက်နေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်နှင့် သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများအား ဆောင်ရွက်သွားရန် မှာကြားပြီး သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၏ စက်သုံးဆီအရောင်းဆိုင်အမှတ်(ဝ၈၆၂)သို့ ရောက်ရှိပြီး ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများအရည်အသွေးနှင့် အခြင်အတွယ် မှန်ကန်ရေး၊ တရားမဝင်ရောင်းချမှု မရှိစေရေးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စက်သုံးဆီလက်ကျန်များအား တင်ဒါမခေါ်ယူမီလေလွင့် ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကျေးလက်ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး လူမှုအဆင့်အတန်းပိုမိုမြင့်မားစေရေးနှင့် ဝင်ငွေတိုးတက်စေရေးတို့အတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၈(က) နှင့် ပုဒ်မ ၅၄ (ခ) တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့် အာဏာကိုကျင့်သုံးလျက် ကျေးလက်သုံးစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ စနစ်တကျဆောင်ရွက်နိုင်ရန်အလို့ငှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၂၁/၂၀၁၉) ဖြင့် “ကျေးရွာ သုံးစက်သုံးဆီအရောင်းဆိုင် လိုင်စင်ဆိုင်ရာအမိန့်” ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


