မန္တလေး  ၁၀  နိုဝင်ဘာ

 

မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည် ကာလ၌ မန္တလေးမြို့ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် လာရောက်အပန်းဖြေ လေ့လာကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တန်ဆောင်တိုင်ကာလတွင် ပုံမှန်စနေ၊ တနင်္ဂနွေရုံးပိတ်ရက်နှင့် ပွဲတော်အထိမ်းအမှတ် ရုံးပိတ်ရက်တို့ တစ်ဆက်တည်း ခံစားခွင့်ရသည့်အတွက် အဆိုပါရုံးပိတ်ရက်ရှည်ကာလအတွင်း၌ မိသားစု ဆွေမျိုးများအချင်းချင်း ခင်မင်ရင်းနှီးသူများအချင်းချင်း စုပေါင်း၍ ဘုရားဖူးခရီးစဉ်များ အပန်းဖြေ လေ့လာရေး ခရီးစဉ်များ ထွက်ခွာကာ ရုံးပိတ်ရက်ကို အကျိုးရှိစွာ ဆောင်ရွက်လျက်ရှိသည်။

 

''အိမ်က အမျိုးသားက တန်ဆောင်တိုင် ရုံးပိတ်ရက်နဲ့ ကလေးတွေ ကျောင်းပိတ်ရက်ဆုံတုန်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ လေ့လာအပန်းဖြေဖို့ မိသားစုပျော်ပျော်ပါးပါးနဲ့ လာခဲ့ကြတာပါ။ အခုကလေးတွေနဲ့ ဆင်စီးပြီး ဆင်လိမ္မာပြပွဲတွေကို ကြည့်ခဲ့ပြီးပါပြီ။ ကလေးတွေ ပျော်ရွှင်နေတာကိုကြည့်ပြီး ကျွန်မတို့ မိဘတွေအနေနဲ့လည်း ကျေနပ်မိပါတယ်။ မနက်ဖြန် လပြည့်နေမှာတော့ နံနက်ပိုင်း အိမ်က ဘုရားမှာ သစ်သီးဆွမ်းကပ်ပြီး ဘုရားတွေ လျှောက်ဖူးဖို့ အစီအစဉ်ရှိပါတယ်'' ဟု  ချမ်းအေးသာစံမြို့နယ်မှ မိသားစုလိုက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ အပန်းဖြေလာရောက်သည့် ဒေါ်ယမင်းစိုးက ပြောသည်။

 

ထို့ပြင် ပြင်ဦးလွင်မြို့မှ အဆိုပါ ဥယျာဉ်သို့ သူငယ်ချင်းများဖြင့် စုပေါင်းလာရောက်သည့် ကိုမင်းမင်းစိုး ကလည်း ''ရုံးပိတ်ရက်ရှည်လေးရတုန်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ စုပေါင်းပြီး ဘုရားဖူး အပန်းဖြေခရီးအဖြစ် မန္တလေးကို လာခဲ့ကြတာပါ။ နံနက်ပိုင်းက ဘုရားကြီးနဲ့ ကုသိုလ်တော်ကို ဝင်ရောက်ဖူးမြော်ပြီးပါပြီ။ အခု ဒီတိရစ္ဆာန်ဥယျာဉ်ကို လေ့လာရင်း အပန်းဖြေဖို့ လာခဲ့ကြတာပါ။ ဒီထဲမှာ ကားနဲ့ပတ်ပြီး တိရစ္ဆာန်တွေကို လှည့်လည်ကြည့်ရှုခဲ့တယ်။ ဆင်လိမ္မာပြပွဲက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပြီးရင် ဒီတိရစ္ဆာန်ဥယျာဉ်ထဲမှာပဲ အရိပ်ကောင်းတဲ့နေရာမှာ သူငယ်ချင်းတွေ စုပေါင်းပြီး ထမင်းလက်ဆုံစားဖို့ ထမင်းထုပ်တွေလည်း ဝယ်လာပါတယ်။ အခုလို ရုံးပိတ်ရက်ရှည် ရတဲ့အချိန်မှာ ခရီးထွက်ပြီး အပန်းဖြေခြင်းက ဒေသန္တရဗဟုသုတလည်း ရတဲ့အပြင် စိတ်ခွန်အား အသစ်တွေကိုလည်း ရရှိစေနိုင်တယ် '' ဟု ပြောသည်။

 

ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ နေ့စဉ် ပုံမှန်လာရောက်အပန်းဖြေလေ့လာသူ ၂၀ဝ၀ နှင့် ၃၀ဝ၀ ကြားရှိပြီး အများပြည်သူ ရုံးပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်ရက်များတွင် လူဦးရေ ၅၀ဝ၀ ကျော်အထိ လာရောက်ကြောင်းနှင့် အဆိုပါ ဥယျာဉ်တွင် ကျေးငှက်နို့တိုက်နှင့် တွားသွားမျိုးစိတ်ပေါင်း ၁၀ဝ နှင့် အခြား တိရစ္ဆာန်အမျိုးအစားပေါင်း ၁၁၈၃ ကောင်ကို ထိန်းသိမ်းစောင့်ရှောက် ပြသထားကြောင်းနှင့် အများပြည်သူ ရုံးပိတ်ရက်များနှင့် ရာသီအလိုက် ကျင်းပသည့် ပွဲတော်ကာလများတွင် လာရောက်လေ့လာ အပန်းဖြေသူများအတွက် အထူးဖျော်ဖြေမှုများအဖြစ် ဆင်လိမ္မာပြပွဲများ၊ မြွအေလိမ္မာပြပွဲများ၊ မျက်လှည့်ပြပွဲများ ထည့်သွင်းကျင်းပပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)