နေပြည်တော် ၁၂ နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နေမှုများ၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနေမှုများ၊ ဓာတ်အားပေးစက်များအား Golden Green Energy Co., Ltd. မှ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

 

ယင်းနောက် လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှု၊ GIS E-house နှင့် 33 kV Switchyard ကို Gas Insulated Switchgear(GIS) ဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မဂ္ဂါဝပ် ၅၀ MCP ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၌ JICA ချေးငွေဖြင့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ အလုံမြို့နယ်ရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၌ ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ အသစ်တည်ဆောက်နေမှု၊ ကျောက်တန်းမြို့နယ်ရှိ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၌ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် JICA ချေးငွေဖြင့် ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် သာကေတမြို့နယ်ရှိ သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် (၄၀၀) မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်မည့်မြေနေရာနှင့် JICA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် 66 kV GIS ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များသို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးက လာမည့် နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်()ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

သတင်းစဉ်