နေပြည်တော် ၁၂ နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း သထုံစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးစခန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သထုံခရိုင်အတွင်း ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင် စက်သုံးဆီ လက်ကျန်များ၊ ဌာနပိုင်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို လေလွင့်ပျက်စီးဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများကို ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်းရှိ Bowser Filling Station Point မြေပေါ်ဆီသိုလှောင်ကန်၊ မြေအောက်ဆီ သိုလှောင်ကန်များနှင့် ဌာနပိုင်မော်တော်ယာဉ်များကို ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်