နေပြည်တော် ၁၂ နိုဝင်ဘာ
ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့ (Internal Youth Fellowship – IYF)မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Centre ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားရိုးရာအက၊ တေးသီချင်း၊ ကိုရီးယားရိုးရာအက တို့ဖြင့် ဖျော်ဖြေကြပြီး ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့၏ လှုပ်ရှားမှတ်တမ်းဗီဒီယိုကို ပြသ၍ Jindallae Choir အဖွဲ့က အလင်းဖြစ်စေပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့နိုင်ငံအနေဖြင့် နည်းပညာများ လူသားအရင်းအမြစ်များ၊ အဆောက်အဦ၊ လမ်းတံတားများ၊ လျှပ်စစ် စသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အချိန်ယူရပါကြောင်း၊ သို့သော် စိတ်ကို လူသားတစ်ဦးချင်းက ပိုင်ဆိုင်ထားသည့်အတွက် ချက်ချင်းတိုးတက်အောင် ကိုယ်တိုင်ဖြည့်ဆည်း ဆောင်ရွက်၍ရပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ်ရှိရန် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးသည် အရေးကြီးပြီး ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်နိုင်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းရေးရရန် လွယ်ကူမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် လူတစ်ဦးချင်းစီ၏ စိတ်ထဲတွင် ငြိမ်းချမ်းချင်စိတ်ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏စိတ်တွင် စွဲငြိနေသော သံသယစိတ်များ၊ အာဃာတတရားများ၊ အမုန်းတရားများ ကင်းစင်သွားရန် စိတ်ဓာတ်ရေးရာ ပြောင်းလဲနိုင်ရေးအတွက် စိတ်ဓာတ်ရေးရာအသိပညာပေး (Mind Education)သည် အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့၏ တည်ထောင်သူ ဒေါက်တာ အုပ်ဆွန်းပတ်က Mind Lecture ကို ရှင်းလင်းပို့ချသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့၏ တည်ထောင်သူ ဒေါက်တာအုပ်ဆွန်းပတ်နှင့် တွေဆုံ၍ လူငယ်များကို Mind Education ဆောင်ရွက်လျက်နေသော လုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်


