တောင်ကြီး ၁၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော် ဓါတ်ပုံပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက် နံနက် ၇ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးနေရာ၌ကျင်းပခဲ့ရာ မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ၊ မီးပုံးပျံပြိုင်ပွဲနေ့လွှတ်၊ တစ်ကောင်ချင်း၊ အုပ်စုအရုပ် မီးပုံးပျံ၊ ယမ်းမီးကြီး ညလွှတ်မီးပုံးပျံ၊ စိန်နားကန် မီးပုံးပျံပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲ ရှုခင်းခေါင်းစဉ် (၄) မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၃၇၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ဓါတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံဓါတ်ပုံအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း (ရန်ကုန်)၊ ဦးညွန်နိုင်၊ ဦးဒီပတို့က ဒိုင်အဖြစ် ဆောင်ရွက်၍ ပြိုင်ပွဲများ၏ ဓါတ်ပုံများကို ကြည့်ရှုအကဲဖြတ်ပေးခဲ့ကြသည်။
မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ (၈၆) ဦး၊ ဓါတ်ပုံ (၈၆ )ပုံ၊ မီးပုံးပျံပြိုင်ပွဲနေ့လွှတ်၊ တစ်ကောင်ချင်း၊ ခြေနှစ်ချောင်းအရုပ်၊ ခြေလေးချောင်းအရုပ်၊ အုပ်စုအရုပ် မီးပုံးပျံတွင် ပါဝင်ယှဉ်ပြိုင်သူ (၉၈) ဦး၊ ဓါတ်ပုံ (၉၈) ပုံ၊ ယမ်းမီးကြီး ညလွှတ်မီးပုံးပျံ၊ စိန်နားကန် မီးပုံးပျံ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ (၉၁) ဦး၊ ဓါတ်ပုံ (၉၁) ပုံ၊ ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်းတွင် ပါဝင်ယှဉ်ပြိုင်သူ (၉၅) ဦး၊ ဓါတ်ပုံ (၉၅) ပုံ၊ စုစုပေါင်းပြိုင်ပွဲဝင် (၃၇၀)၊ ဓါတ်ပုံပေါင်း ၃၇၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယှဉ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့က ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိပ်ဆုရရှိသူများအား ငွေသားဆုများကို တောင်ကြီးတန်ဆောင်တိုင် ဆုပေးပွဲနှင့် ပိတ်ပွဲတွင် အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ဆုရဓါတ်ပုံများနှင့် တောင်ကြီးတန်ဆောင်တိုင် အထိမ်းအမှတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဆုရကာတွန်း ပန်းချီပုံများကို ခင်းကျင်းပြသထားသည့် ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)



