ကလော   ၁၃  နိုဝင်ဘာ   

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊  ကလောမြို့နယ်တွင် (၁၇) ကြိမ်မြောက် မဟာတန်ဆောင်တိုင် ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံ အလှပဒေသာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို    နိုဝင်ဘာ   ၁၂ ရက်  ည ၇ နာရီ က မောမြေဦး ပန်းခြံကွင်း၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ရိုးရာတန်ဆောင်တိုင် မီးထွန်းညိှပူဇော်ပွဲ ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေး နာယက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က   ကလောမြို့နယ်တွင် တန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံပွဲတော်ကို နှစ်စဉ် ကျင်းပနိုင်ရေးနှင့် ကလောမြို့သူ မြို့သားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ်  သတ်မှတ် နိုင်ရေး၊ ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍   ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ 

 

mdn

 

ကလောမြို့တွင် ယခုကဲ့သို့ မီးရှော်တိုင်နှင့် မီးကြာစံ အလှပြိုင်ပွဲကို မီးပူဇော်လာခဲ့သည်မှာ  သမိုင်းမှတ်တမ်းများအရ နှစ်ပေါင်း (၁၀၂) နှစ် ရှိပြီဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပသည်မှာ (၁၇) ကြိမ်မြောက်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ  ဦးဝင်းနိုင်က ပြောသည်။

 

ဆက်လက်၍  မီးရှူးမီးပန်းများ ပစ်ဖောက်ကာ မီးကြာစံအဖွဲ့များက ''ကလောမြို့မှ ဖိတ်ခေါ်ပါတယ်'' သီချင်းဖြင့် ကပြ ဖျော်ဖြေကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို မီးရှော်တိုင် (၃၀) ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၁) ရက်လျှင် မီးရှော်တိုင် ( ၆) တိုင်နှင့် မီးကြာစံအဖွဲ့တို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲတော်ကာလမှာ နိုဝင်ဘာ (၁၂) ရက်မှ (၁၆) ရက်အထိ   (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                       

 

ကျော်ဝင်း(ပြန်/ဆက်)