ညောင်ဦး ၁၃ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်လာမည့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များအား အင်တာနက်မှတစ်ဆင့် အစီရင်ခံတိုင်ကြားသည့်စနစ် မိတ်ဆက်ပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့ ဝက်ကြီးအင်းရွာရှိ Umbra Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် Plan International Myanmar မှ ကလေးသူငယ် အခွင့်အရေးများနှင့် ကာကွယ် စောင့်ရှောက်ရေး စီမံကိန်းမန်နေဂျာ ဦးဆလိုင်းသူရအောင်မှ Online Child Protection Incident Reporting System စီမံချက်အကြောင်းအား မိတ်ဆက်ရှင်းလင်းကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်များအား အင်တာနက်မှတစ်ဆင့် အစီရင်ခံတိုင်ကြားသည့် Website နှင့် Phone Application အင်ဂျင်နီယာ ဦးနေလင်းအောင်မှ Software အား မိတ်ဆက်တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက Software နှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း မေးမြန်းကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။
Software မိတ်ဆက်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီတို့ ဦးဆောင်သည့် တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး Youth Policy အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


