မကွေး ၁၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သရက်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် သရက်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း စိန်ရတုခန်းမ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပခြင်းဖြင့် ကလေးများ ဗဟုသုတတိုးပွား၍ စာဖတ်ချင်စိတ်များ ကိန်းအောင်စေပြီး အစဉ်လေ့လာ သင်ယူမှုအတွက် တွန်းအားပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကာ၊ စာပေဆိုင်ရာပြိုင်ပွဲများ၊ ပြပွဲပြခန်းများ၊ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းဖြင့် ဉာဏအထောက်အပံ့ ပေးနိုင်မည်ဖြစ်သည့်အတွက် သရက်မြို့ ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွက်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများနှင့် အားကစားပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ် အရောင်းဆိုင်များ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးလာစေရန်၊ ဗဟုသုတနှင့်လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်နှင့် ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များကို နိုင်ငံတစ်ဝန်း ကျင်းပပေး လျက်ရှိရာ သရက်မြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်ကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သရက်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတို့ဖြင့် သရက်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် နိုဝင်ဘာလ (၁၆) ရက် မှ (၁၇) ရက်အထိ (၂) ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ကလေးစာပေပွဲတော်တွင် နယ်ပယ်အသီးသီးမှ ကလေးများ လွတ်လပ်ပျာ်ရွှင် စိတ်ရွှင်လန်းတက်ကြွစွာဖြင့် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်၊
သန်းနိုင်ဦး(ငဖဲ)


