မော်လမြိုင်    ၁၃  နိုဝင်ဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၁) နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက်(၉)နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုပ့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းယုက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း၊ ခေတ်မီ ဒီဇိုင်းလက်ရာများကို လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၄၇) ဦးနှင့် မွန်ရိုးရာ လက်ရက်ကန်း သင်တန်းသူ (၃) ဦး စုစုပေါင်းသင်တန်းသူ (၅၀) ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာရက်သတ္တပတ် (၁၈) ပတ်ကြာမြင့်မည်ဖြစ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ရေးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်း သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဝေလင်း(ပြန်/ဆက်)

 

mdn