နေပြည်တော် ၁၃ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ရေး အတွက် ကိုရီးယားရာသီဥတု ပြောင်းလဲမှုစင်တာ (Korea Climate Change Center - CCC)မှ စိုက်ပျိုးရေးဦးစီးဌာနသို့ မော်တော်ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေး အပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Jung Yung Soo နှင့် SK Telecom မှ Executive Vice President, Mr. Ryu Woong Hwan တို့က အမှာစကား ပြောကြားကြပြီး ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Ms. So Hee Kim က မော်တော်ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Ms. So Hee Kim နှင့် SK Telecom မှ Executive Vice President, Mr. Ryu Woong Hwan တို့က စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအေးကိုကိုတို့ထံ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း လုပ်ငန်း အကောင်အထည် ဖော်ရေးအတွက် မော်တော်ယာဉ်များနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် SK Telecom Executive Vice President တို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်ရေးအတွက် ကိုရီးယားရာသီဥတုပြောင်းလဲမှုစင်တာမှ လွှဲပြောင်းပေးအပ်သည့် မော်တော်ယာဉ်များနှင့် လက်တော့ ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ အပေါ့စားမီးစက်များ နှင့် မိုဘိုင်းဖုန်း ဟမ်းဆက်များကို လှည့်လည်ကြည့်ရှုကြသည်။
မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ထင်းသုံးစွဲမှု ၄၅ ရာခိုင်နှုန်းလျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် ကောင်းကျိုးများ သက်ရောက်စေခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းစေခြင်း၊ Carbon Credit Sharing ကို မြန်မာနိုင်ငံမှ (၁၅)ရာခိုင်နှုန်း ကိုရီးယားဘက်မှ (၈၅)ရာခိုင်နှုန်း ခွဲဝေမှုအရ နိုင်ငံအတွက် အကျိုးကျေးဇူး ရရှိနိုင်ခြင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက်နေပြည်သူ များ ဝင်ငွေ တိုးတက်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများအပြင် မြန်မာနိုင်ငံတွင် ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာသစ်လှုပ်ရှားမှုများဆောင်ရွက်နိုင်ရန် စွမ်းအားမြှင့်မီးဖိုတစ်ဖို ဖြန့်ဖြူးတိုင်းအမေရိကန်တစ်ဒေါ်လာကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကိုရီးယား ရာသီဥတုပြောင်းလဲမှုစင်တာမှ စိုက်ပျိုးရေးဦးစီးဌာန၏ ငွေစာရင်းအကောင့်သို့ ထည့်ဝင်ပေး ရန် သဘောတူထားပြီးဖြစ်၍ (၅)နှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၂ သန်း ထူထောင်နိုင်မည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဆိုပါ စီမံကိန်းကြောင့် ထင်းအသုံးပြုမှုလျှော့ချနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကို အထောက်အကူ ဖြစ်စေခြင်းနှင့်အတူ တောင်သူလယ်သမားများနှင့် ကျေးလက် နေပြည်သူများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းကိုပါ ဆောင်ရွက်ပြီး ဖြစ်သဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများ မြှင့်တင်ပေး နိုင်မည်ဖြစ်သည်။
ထို့အပြင် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခြင်း၊ လောင်စာအသုံးပြုချက်ပြုတ်ခြင်းအတွက် ထင်းသုံးစွဲခြင်းမှ ဖြစ်ပေါ်လာမည့် ကာဗွန် ထုတ်လုပ်မှုကိုလျှော့ချနိုင်သဖြင့် Carbon Credit ရရှိရန်တို့ကို ရည်ရွယ်ကာ စွမ်းအား မြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


