ကန်ကြီးထောင့် ၁၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်တွင် အသက် (၉)လမှ (၅)နှစ်ခွဲအရွယ် ရည်မှန်း ကလေးငယ် ၁၅၈၃၅ ဦးအား ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေး သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်၊နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲမှ ဒေါက်တာ ရီရီခင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရီရီခင်က ဝက်သက် - ဂျိုက်သိုး ရောဂါအကြောင်းနှင့် ရောဂါလက္ခဏာများအကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါများကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေး ရရှိစေရန်၊ အသက်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားမည့် လုပ်ငန်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအဖွဲ့များနှင့် NGO များမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးရမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများမှ အသက် (၉)လမှ (၅)နှစ်ခွဲအရွယ် ရည်မှန်းကလေးငယ် ၁၅၈၃၅ ဦးအား ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း လုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ဆေးထိုးအဖွဲ့ ၄၈ ဖွဲ့ဖြင့် သတ်မှတ်ထားသော စုရပ်နေရာ အသီးသီးတွင် ထိုးနှံပေးသွားမည် ဖြစ်သည်။
နန်းထိုက် (KGD)


