နေပြည်တော် ၁၃ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရေး ဦးစားပေးဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ပြန်လည်မွမ်းမံပြင်ဆင်နေမှု၊ ရွေးကောက်ပွဲတွင် အမုန်းစကားများ၊ သတင်းအမှားများ ပြန့်ပွားမှုမရှိရေး တားဆီးကာကွယ်သွားမည့် အစီအစဉ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


