နေပြည်တော် ၁၃ နိုဝင်ဘာ
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း နေပြည်တော်၏ ဒုတိယအကြိမ် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သူနာပြုနှင့် သားဖွားများအနေဖြင့် သူနာပြုသစ္စာအဓိဌာန်များနှင့်အညီ လူနာများကို မိမိတို့၏ မိဘ၊ သားသမီးနှင့် ဆွေမျိုးများသဖွယ် သဘောထားကာ စေတနာပြည့်ဝစွာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် လူနာများ ဝေဒနာသက်သာလျော့ပါးမှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ကျေနပ်မှုနှင့် လူနာများ၏ ယုံကြည်ကိုးစားမှုတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားများ၏ ပုံရိပ်မြင့်မားရေး၊ အရည်အသွေးမြင့်မားရေး၊ သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဉီးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်သူနာပြုသိပ္ပံဘွဲ့နှင့် ပေါင်းကူးသူနာပြုသိပ္ပံဘွဲ့တို့အပြင် ဝန်ထမ်းသူနာပြုများအတွက် သူနာပြုတက္ကသိုလ်၌ အချိန်ပိုင်းနှင့် အချိန်ပြည့် သူနာပြုသိပ္ပံဘွဲ့၊ အထူးပြုသူနာပြုဒီပလိုမာ (၉)လသင်တန်း (၉)မျိုး၊ သူနာပြု မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အဆိုပါဘွဲ့များ ရရှိအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ သူနာပြု - သားဖွား သင်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ၊ ပြည်တွင်း - ပြည်ပ ပညာရှင်များဖြင့် ပြုပြင်မွမ်းမံရေးဆွဲ၍ အသုံးပြုသင်ကြားလျက်ရှိပြီး အခြားကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့် အတူတကွ ဆွေးနွေးသင်ကြားခြင်းကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ယခုတစ်နိုင်ငံလုံး၌ သူနာပြု - သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းတွင် ၆၁၀၁ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၁၈)လသင်တန်းတွင် ၁၆၆၁ ဦး တက်ရောက်လျက်ရှိပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် သူနာပြု ၃၇၆၉ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ ၃၇၆ ဦး တက်ရောက်ရန် ရွေးချယ်ထားပါကြောင်း၊ သူနာပြုသင်တန်းကျောင်းသစ်များကို ရွှေဘိုမြို့နှင့် မြောင်းမြမြို့၊ သားဖွားသင်တန်းကျောင်းကို ဟာခါးမြို့တို့တွင် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်း (၄) ကျောင်းကို မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ သူနာပြုသားဖွားများ ပါဝင်တက်ရောက်မည့် “သူနာပြုသားဖွားများ သင်ကြားလေ့ကျင့်မှု ပိုမိုကောင်းမွန်တိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ”ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလခန့်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနှီးနှောဖလှယ်ပွဲမှ ရရှိသောအကြံပြု ဆွေးနွေးချက်များဖြင့် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုနှင့် သားဖွားဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မွမ်းမံသင်တန်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အင်တာနက်ကွန်ရက် အသုံးပြု၍ စဉ်ဆက်မပြတ် သူနာပြုသားဖွား ပညာသင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သူနာပြုသားဖွားများ၏ ပုံရိပ်မြင့်မားရန် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်ရုံဖြင့် မပြည့်စုံနိုင်ဘဲ ကျင့်ဝတ်များကို လေးစားလိုက်နာရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း နေပြည်တော်၏ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သူနာပြုသားဖွားဒီပလိုမာသင်တန်း အောင်မြင်ပြီး မြောက်ခဲ့သူ (၅၈) ဦးအား သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းသည်။
သူနာပြုသင်တန်းကျောင်း နေပြည်တော်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


