၁၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းစီစဉ်သည့် Community Champion Football Clinic (Yangon) အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marcial သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marcialနှင့် အမေရိကန်နိုင်ငံမှ နည်းပြဆရာနှစ်ဦးအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

 

ဆက်လက်၍ Community Champion Football Clinic အစီအစဉ်နှင့် ပတ်သက်၍ တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ယင်းနောက်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marcialနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး နူတ်ဆက်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ Community Champion Football Clinic တွင် အမေရိကန်နိုင်ငံမှ နည်းပြဆရာနှစ်ဦး၊ မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးမျိုးလှိုင်ဝင်းနှင့် ဒေါ်ဇင်မာဝမ်းတို့က ကြီးကြပ်ကာ အခြားနည်းပြဆရာများက ကလေးလူငယ် ၁၀၀ အား ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့သည်။ Community Champion Football Clinic ကို ရန်ကုန်မြို့၌သာမက အခြားမြို့များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်တွင် မန္တလေးမြို့၊ နိုဝင်ဘာလ ၁၉ ရက်တွင် တောင်ကြီးမြို့၌ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

 

Community Champion Football Clinic အစီအစဉ်သည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကို အားကစားအခြေပြု အသိပညာဖြန့်ဝေကာ လျှော့ချနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သော အစီအစဉ်ဖြစ်ပြီး MFF နှင့် အမေရိကန်သံရုံးတို့၏ ပူးပေါင်းမှုဖြင့် ကလေးငယ်များအား ဘောလုံးအားကစားနည်းကို သင်ကြားပေးကာ ကလေးလူငယ်အရွယ်တွင် အားကစားကိုစိတ်ဝင်စားကာ  မူးယစ်ဆေးဝါး ကင်းစင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်                     

 

sdfe