ရန်ကုန် နိုဝင်ဘာ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ် ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကိုကေ (တောင်တန်းပြာ) ၏သစ္စာရင်နှင့် ခြားခဲ့ရသောမြေ၊ ဒုတိယဆုကို ယွန်းမြတ် မွှန်းသျှန်၏ ရေဆာတဲ့မြစ်၊ တတိယဆုကို မောင်နေခြည် (ပြည်)၏ သူတို့လောက သူတို့ဘ၀စာမူများက လည်းကောင်း။
ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို သုတိသြဘာ (ဆင်ပေါင်ဝဲ)၏ တစ်ဆုပ်ဆန်ကျောင်း အပါအဝင် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို နေစိုးသော်၏ အဝိဇ္ဇာ ၀တ္ထုတိုပေါင်းချုပ်၊ တတိယဆုကို ကျိုက်စကော ခင်စိုး၏ မငိုပါနဲ့ အမေရယ်နှင့် အခြားဝတ္ထုတိုများက လည်းကောင်း။
ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို မောင်ဟန်တင့် (ပင်လည်ဘူး)၏ စိန်စီသောမြစ်နှင့် အခြားကဗျာများ၊ ဒုတိယဆုကို ခက်လှိုင်းကျော်၏ ညဉ့်သုံးယံခါ အလင်္ကာကဗျာများ၊ တတိယဆုကို အထဝါစိုး(မန္တလေး)၏ စာပွင့်ဝတ်မှုန်ကဗျာ စာမူများက လည်းကောင်း။
သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင်ဒုတိယဆုကိုမေမြန်မာ၏ နာမည်နှင့်မြန်မာ၊ တတိယဆုကို မောင်ခွန်နွယ်(အင်းလေး)၏ တော်ဝင် လက်ဖက်နတ်သစ်ရွက်က လည်းကောင်း။
သုတပဒေသာ(သိပ္ပံ)ဆု တွင် ပထမဆုကို ကိုတူး (သာယာမြိုင်)၏ ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ တတိယဆုကို မောင်အောင်(မွေးကု) (စာပေဗိမာန်စာမူဆုရ)၏ ကျေးလက်စီးပွားတိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက် တိုးချဲ့မွေး စာမူများက လည်းကောင်း ရရှိကြပြီး စာပဒေသာဆုတွင် ပထမဆုကို ထက်ခိုင်၏ စေတနာလမ်းက လျှောက်ခဲ့ပါ၊ ဒုတိယဆုကို မင်းသျှင်အောင် (တွံတေး)၏ ရာမဇာတ်ထဲက ရေကျော်မောင်မောင်၊ တတိယဆုကို နေအောင်သူ (ကနီ)၏ ကနီခရီးသည်၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဒုတိယဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ ထနော့၊ ကလေးစာပေဆုတွင် ပထမဆုကို မောင်လွန်းမြိုင် (ပင်လယ်ဘူး)၏ ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ ကလေးကဗျာများ၊ ဒုတိယဆုကို ပုလောစိုးနံ့သာ၏ သားစုဘူး ကလေးကဗျာများ၊ တတိယဆုကို ညွန့်ဝင်း(နတ်တလင်း)၏ တတ်သိလိမ္မာရင်သွေးရတနာ ကလေးဝတ္ထုတိုများ၊ လူငယ်စာပေဆုတွင် ဒုတိယဆုကို တင်လင်းဇော်၏ အညတရကျွန်တော်၊ တတိယဆုကို နိုက်၏ သမီးနှင့်သားသို့ ပေးစာများ၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို ငွေလမင်း(မကွေး)၏ နေကောင်းပါတယ်၊ တတိယဆုကို မောင်လွယ်အိတ်၏ ခေတ်သစ်ဂေါတမီစာမူများက လည်းကောင်း ရရှိကြသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယဆု ကျပ် ခုနစ်သိန်း၊ တတိယဆု ကျပ်ငါးသိန်း ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန် စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၈ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၄၈ ခု ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉၊ ၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈)လက်မ ရောင်စုံ ဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်မြို့၌ကျင်းပမည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


