ရန်ကုန် ၁၃ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီး ဦးတင်မောင်မြင့် နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့အား ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ် ချီးမြှင့်လိုက်သည်။
ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာ များ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ဂျူးရေးသားသည့် သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာအုပ်(ဂျူးစာပေတိုက်)၊ ဝတ္ထုတိုဆုတွင် မြစ်ကျိုးအင်း ရေးသားသည့် မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ စာအုပ် (မဟာစာပေတိုက်)၊ ကဗျာဆုတွင် ကိုသန်းထွန်း ရေးသားသည့်ညဉ့်ပုံပြောသူ စာအုပ် (နှစ်ကာလများစာပေတိုက်)၊ စာပဒေသာဆုတွင် မသန်းသန်း(မန်းတက္ကသိုလ်) ရေးသားသည့် လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန်သူ စာအုပ် (Wisdom House စာပေတိုက်)၊ ဘာသာ ပြန်(ရသ)ဆုတွင် William Golding ၏ Lord of the Flies ကို ဝေယံဘုန်း ပြန်ဆိုသည့် မိစ္ဆာကျွန်းစာအုပ် (ကံ့ကော်ဝတ်ရည်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် မြဝင်း(ဒဿန) ရေးသားသည့် ဇော်ဂျီ၏ ရသပညာစာအုပ် (ပဉ္စဂံစာပေတိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုတွင် မောင်ကျေးရေ (ဦးမြင့်သိန်း) ရေးသားသည့် မြေအောက်ရေနှင့် ရေအရေးစာစုများ စာအုပ် (စိတ်ကူးချိုချို စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် အောင်မြင့်ဦး (မဟာဝိဇ္ဇာ) ရေးသားသည့် မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော် စာအုပ် (လောက သစ်စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Kyaw Zwa Moe ရေးသား wops The Cell, Exile and The New Burma 05328 (New Myanmar | Publishing House စာပေတိုက်)၊ ရသစာတမ်း(အက်ဆေး)ဆုတွင် မင်းချမ်းမွန် ရေးသားသည့် သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေး စုစည်းမှုစာအုပ် (ရှင်မတောင်စာပေတိုက်)တို့ကို ရွေးချယ် ကြောင်း ကြေညာသည်။
အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ်၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉၊ ၅၃၁) ကုန်သည်လမ်း | စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈) လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


