ပဲခူး ၁၄ နိုဝင်ဘာ
Yoma Micro Power Myanmar Limited မှ Mr. Alakesh Chetia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆက်သွယ်ရေးတာဝါတိုင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား Solar System ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ေရးအတွက် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ Mr. Alakesh Chetia က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒီဇယ်စက်ဖြင့် အသုံးပြုလျက်ရှိသော ဆက်သွယ်ရေးတာဝါတိုင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား Solar System ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လာရောက်တွေ့ဆုံရှင်းလင်းရခြင်းြဖစ်ပါကြောင်း၊
မိမိတို့ကုမ္ပဏီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့တွင် လက်ရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒီဇယ်အင်ဂျင်ဖြင့် အသုံးပြုလျက်ရှိသော ဆက်သွယ်ရေးတာဝါတိုင် (၉၈)ခုအား Solar System ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေး ကမ်းလှမ်းချက်ရရှိထားပြီးဖြစ်၍ ယင်းတာဝါတိုင်နှင့် (၂)ကီလိုမီတာ (၃)ကီလိုမီတာ အကွာအဝေးတွင်ရှိသော ကျေးရွာများကိုလည်း လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် ကျေးရွာ ဒေသခံများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် စျေးနှုန်းများမှာလည်း အစိုးရနှုန်းထားထက် လျော့နည်းသောနှုန်းထားဖြင့်သာ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၃၀ ပြည့်နှစ်တွင် NEP စီမံချက်အရ ကျေးရွာများပါ မီးလင်း နိုင်ရေး ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရန်လိုအပ်ကြောင်း၊ ကုမ္ပဏီအနေ ဖြင့် အစိုးရနှုန်းထားထက် သက်သာသောနှုန်းထားတစ်ခုဖြင့် ဆောင်ရွက်မည်ကို သိရှိရခြင်း၊ မီးလိုင်း ဆွဲခြင်းနှင့် အိမ်အရောက် မီးတပ်ဆင်ခြင်းများကို ကုမ္ပဏီစရိတ်ဖြင့် ဆောင်ရွက်မည်ကိုလည်း ထည့်သွင်း ပြောကြားပြီးဖြစ်၍ ဒေသခံကျေးရွာများနှင့် ကျေးရွာရှိ အသေးစားစက်မှု၊လက်မှု လုပ်ငန်းများ အတွက် လည်း အကျိုးရှိနိုင်ပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး ကုမ္ပဏီဘက်မှ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်အသေးစိတ်ကို တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Yoma Micro Power Myanmar Limited မှ Mr. Alakesh Chetia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


