နေပြည်တော် ၁၄  နိုဝင်ဘာ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များ အကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး၏ နည်းပညာအကူအညီဖြင့် "ဖြောင့်မတ်တည်ကြည်မှု" လူငယ်စခန်း ၂/၂၀၁၉ (Youth Integrity Camp 2/2019)အား မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်(၈)ခု၊ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ပညာရေးကောလိပ်(၂)ခု၊ မုံရွာ၊ မန္တလေးမြို့များရှိ ပညာရေးကောလိပ်(၂)ခု၊ စုစုပေါင်း တက္ကသိုလ်/ကောလိပ်(၁၂)ခုတို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၁၃၁)ဉီးဖြင့် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ် တွင် နိုင်ဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ (၅)ရက်ကြာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။

 

သင်တန်းတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အဂတိ လိုက်စားမှုနှင့် သဘောသဘာဝများ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ပြည်တွင်းပြည်ပ ပညာရှင်များက ဆွေးနွေးပို့ချမည်ဖြစ်ပြီး ပြည်ပနိုင်ငံမှ လူငယ်အဖွဲ့တစ်ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိအမြင်များကို ဖလှယ်ကြ မည်ဖြစ်သည်။

 

စခန်းသွင်းကာလအတွင်း နေ့ပိုင်းဘာသာရပ်များကို မန္တလေးရှိ ရွှေပြည်သာဟိုတယ်တွင် ဆွေးနွေးပို့ချပြီး ညနေပိုင်းလှုပ်ရှားဆောင်ရွက်မှုများကို မန္တလေးနည်းပညာတက္ကသိုလ်၌ ပြုလုပ်၍ စခန်းသွင်း နေထိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)