နေပြည်တော် ၁၄  နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသား လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီး ထိန်လင်း အစား ဗိုလ်မှူးချုပ် အောင်ဇော်ဦးအား အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသည်။

 

2

 

ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ မွန်ပြည်နယ်     မော်လမြိုင် မြို့နယ်၊ ကော့စိန်ကျွန်းပေါ်ရှိ ကော့တွန်ကျေးရွာ ၊ ကော့ပေါက်ကျေးရွာနှင့် ကော့စိန်ကျေးရွာများသို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကော့တွန်၊ ကော့ပေါက်နှင့် ကော့စိန် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေး နှစ်မှ စတင်၍ ပြည်နယ် အစိုးရရန်ပုံငွေ (သို့မဟုတ်) ပြည်ထောင်စု ရန်ပုံငွေတို့တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ လာမည့် ၂၀၂၀ပြည့်နှစ် ပူပြင်းသည့် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက် လျှော့ချခြင်းများ မရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုနှင့်အတူ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် လိုအပ်သောပမာဏ ပြည့်မီနိုင်ရေး အထူးအလေး ထားစီစဉ်ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် တိုးတက် သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၉)၏ သဘောတူဆုံးဖြတ်ချက်ဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား (၁၁၆၅) မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း (၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထို့ပြင် ဓာတ်အားထုတ်လုပ်ရေးအပိုင်းတွင်သာမက ဓာတ်အားစနစ် ပိုမိုကောင်းမွန် စေရန်အတွက် ၅၀ဝ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကိုလည်း တည်ဆောက် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင်လည်း ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်လာစေမည့် System Improvement Plan နှင့် ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် System Development Plan များကိုလည်း ချမှတ်ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။

 

ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် System Breakdown (၁၇)ကြိမ်အထိ ရှိခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ်တွင် (၃) ကြိမ်၊ ၂၀၁၈ခုနှစ်တွင် (၂)ကြိမ်နှင့် ၂၀၁၉ ခုနှစ်တွင် (၁)ကြိမ်သာ ဖြစ်ပေါ်ခဲ့သည့် အတွက် ဓာတ်အားစနစ်တစ်ခုလုံး၏ ဓာတ်အား ပြတ်တောက်မှုကိုလည်း လျှော့ချနိုင်ခဲ့ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးကို အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ဂုံးတောင်ကျေးရွာ အခြေခံပညာ မူလတန်း(လွန်) ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ်  အဆင့်တိုးမြှင့် ပေးရန်နှင့် ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ပေးရန်  အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးတောင်ကျေးရွာ အခြေခံပညာ မူလတန်း (လွန်)ကျောင်းသည် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွင်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊

 

ထို့ကြောင့် ဂုံးတောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် အဆောက်အဦ အသစ်တစ်ခု ထပ်မံဆောက်လုပ်ရန် အတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာ ရေးနှစ်တွင် ဘဏ္ဍာ ရေးရန်ပုံငွေ လျာထားချက်များ ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် လာမည့်၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေ(၆၀x၃၀) RCC တစ်ထပ်ဆောင် တစ်ဆောင် ဆောက်လုပ်ရန် စိစစ်လျာထားပေးမည် ဖြစ်ပါ ကြောင်းဖြေကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များရှိ အခြေခံပညာကျောင်းများအတွက် တရားဝင်မြေဂရန် များ လျင်မြန်စွာ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံ မြို့နယ်များရှိ အခြေခံပညာကျောင်း များအတွက် မြေဂရန်ရရှိရေး ဆောင်ရွက်ရာတွင် အခြားဝန်ကြီးဌာနပိုင်မြေနှင့် တပ်ပိုင်မြေ များကို အဆိုပါ ဌာနများမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်ပေးပြီးမှသာ မိမိတို့ပညာရေး ဝန်ကြီးဌာန အနေဖြင့် မြေဂရန်များ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်အဆက်ဆက် အထောက် အထားပြည့်စုံစွာ စိစစ်ပြီးမှသာ မြေယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထား၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/ဆရာမများ ထပ်မံ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ Grade – 1, Grade – 2, Grade – 3 ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀)ဦးနှင့်အထက်ရှိသော ကျောင်းများ၌သာ ၂၀၁၇ - ၂၀၁၈ ပညာသင် နှစ်တွင် Teaching Assistant (၁)ဦးနှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် Teaching Assistant (၄၈)ဦး စုစုပေါင်း (၄၉) ဦးခန့်ထားခဲ့ပြီး သတ်မှတ် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများတွင် ခန့်ထားဆောင်ရွက် ပေးခဲ့ခြင်းမရှိပါကြောင်း၊ ယခုအချိန်တွင် ပြန်လည်စိစစ်ပြီး မင်းတပ်မြို့နယ်အတွင်း ကျောင်းသားဦးရေတိုးတက်လာသည့် ကျောင်းများတွင် Teaching Assistant (၅) ဦးထပ်မံခန့်ထားပေးရန် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် Teaching Assistant များ ခန့်ထားပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တဆင့် သတ်မှတ်ထားသည့် လျှောက်လွှာများရရှိလာပါက ထပ်မံစိစစ်ဆောင်ရွက်ပေး မည်ဖြစ် ကြောင်းနှင့် ပညာရေး ဝန်ကြီးဌာနက မူလသတ်မှတ်ထားသည့် ကျောင်းသား ကျောင်းသူ ဦးရေ ၄၀ ရှိမှသာ ဆရာ(၁)ဦး ခန့်မည့်အစား ကျောင်းသား၊ကျောင်းသူ ဦး‌ရေ၂၀ ရှိပါက ဆရာ(၁)ဦးခန့်ထားပေးနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေ ကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင် က ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ ကို ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စက်မှုဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း လိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမ နေ့ကို နိုဝင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ မိုက်ကယ်ထန်း