ရေးသားသူ -Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Kaung Thar

 

အသားအရေဆိုင်ရာပြဿနာတွေဟာ လူအများစု ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာတွေပါ (အသားအရောင်၊ နူးညံ့တာ၊ ကြမ်းတမ်းတာ ဒါမှမဟုတ် အရေးအကြောင်းတွေပေါ်လာတာ စသဖြင့်ပေါ့)။ ဒါပေမယ့် မပူပါနဲ့။ သင့်အသားအရေကို နူးညံ့ညီညာလှပစေဖို့ နေ့စဉ်အလွယ်တကူ လုပ်ဆောင်ပေးနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။

 

ဒီဆောင်းပါးမှာ သင့်အသားအရေ ညီညာလှပစေဖို့ နေ့စဉ်ဆောင်ရွက်ပေးရမယ့် ရိုးရှင်းလွယ်ကူသော နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

 

အပြင်ထွက်တိုင်း နေလောင်ခံခရင်မ် လိမ်းပါ။

 

သင့်အသားအရေကို အလျင်အမြန်ပျက်စီးစေတဲ့ တရားခံတွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးကပါဝင်ပြီး အသားအရေကို မညီမညာဖြစ်စေပါတယ်။ ဒါကြောင့် သင့်အသားအရေ ညီညာလှပမှုကို ကာကွယ်နိုင်ဖို့အတွက် နေလောင်ခံခရင်မ်ကို နေ့စဉ်သုံးစွဲပေးရမှာဖြစ်ပြီး အနည်းဆုံး SPF15 လောက်ပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲရမှာပါ။

 

နေလောင်ခံခရင်မ်တွေနဲ့ ပတ်သက်လို့ သင်သိထားသင့်တဲ့အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

 

တကယ်တမ်းကျတော့ နေရောင်ခြည်ဒါဏ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အနည်းဆုံး SPF30 လောက်ရှိတဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲသင့်တာပါ။ ဒါမှသာ အရေပြားကင်ဆာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

မိုးအုံ့တဲ့နေ့တွေမှာလည်း နေလောင်ခံခရင်မ်ကို ကျိန်းသေပေါက် လိမ်းရပါမယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တိမ်တွေကို ထိုးဖောက်ဝင်ရောက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုထိုင်းမှိုင်းပြီး မိုးရွာတဲ့နေ့တွေမှာလည်း နေရောင်ခြည်ဟာ သင့်အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

 

ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ နှစ်မျိုးလုံးကို အကာအကွယ်ပေးနိုင်တဲ့ နေလောင်ခံခရင်မ်တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အေဟာ အရေးကြောင်းတွေကို ဖြစ်စေပြီး အစက်အပျောက်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ခရမ်းလွန်ရောင်ခြည် ဘီကတော့ သင့်အသားအရေကို လောင်ကျွမ်းပစ်နိုင်ပါတယ်။moisturizers (အစိုဓါတ်ထိန်းပစ္စည်းတွေ) နဲ့ အောက်ခံမိတ်ကပ်တွေမှာလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တဲ့ ပစ္စည်းတွေ ပါဝင်သင့်ပါတယ်။

 

ဒါကြောင့် အဆိုပါ အလှကုန်ပစ္စည်းတွေကို မဝယ်ယူခင်မှာ ပါဝင်ပစ္စည်းတွေကို သေချာစွာ ဖတ်ရှုသင့်ပါတယ်။ ဒီလိုမှမဟုတ်ဖူးဆိုရင်လည်း မိတ်ကပ်အောက်မှာ နေလောင်ခံခရင်မ်ကို ခံပြီးလိမ်းကြည့်နိုင်ပါတယ်။

 

အရေပြားကို ဂျီးချွတ်ပါ။

 

သင့်အရေပြားဟာ ဆဲလ်သေတွေ အများကြီးရှိပြီး အချိန်ကြာလာတာနဲ့အမျှ အဆိုပါ ဆဲလ်သေတွေဟာ အရေပြားမျက်နှာပြင်ပေါ်မှာ စုပုံလာတတ်တယ်ဆိုတာကို သင်သိပါသလား။ ဒါဟာ အသက်အရွယ်အိုမင်းခြင်း ဒါမှမဟုတ် အသားအရေခြောက်သွေ့ခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

 

သင့်အသားအရေကို ကောင်းမွန်ညီညာစေဖို့အတွက် အရေပြားဆဲလ်သေတွေကို ခွာချပစ်ရပါမယ်။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။

 

ပျားရည်နဲ့ သကြားတို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့ အရောကို သုံးပြီး အရေပြားကို ဂျီးချွတ်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းတမျိုးက oatmeal နဲ့ ပျားရည်ကို ပေါင်းစပ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။

 

မုန့်ဖုတ်ဆိုဒါနဲ့ ရေတို့ကို သုံးပြီးတော့လည်း ဂျီးချွတ်နိုင်ပါတယ်။ အဆိုပါ ဂျီးချွတ်ခြင်းနည်းလမ်းတွေကို တပတ် ဒါမှမဟုတ် နှစ်ပတ်လောက်နေမှ တခါလောက် အသုံးပြုရမှာ ဖြစ်ပါတယ်။

 

အခြားသော ဂျီးချွတ်ခြင်း နည်းလမ်းတွေကို သိရှိချင်တယ်ဆိုရင် အရေပြားဆရာဝန်ကို မေးမြန်းနိုင်သလို spa တွေကိုလည်း သွားရောက်နိုင်ပါတယ်။

 

လျှပ်စစ်ဓါတ်သုံး ဂျီးချွတ်ကိရိယာလေးဟာလည်း အသုံးဝင်တဲ့ နည်းလမ်းလေးတခု ဖြစ်ပါတယ်။ သူတို့ဟာ အထူးပြုလုပ်ထားတဲ့ ရွေ့လျားဘရပ်ရှ်လေးကို အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပေးပါတယ်။ ဒီနည်းလမ်းကို တနေ့မှာ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

 

အသားအရေအစိုဓါတ်ထိန်းပစ္စည်း (moisturizer) တွေဟာ အသားအရေညီညာလှပဖို့အတွက် အထူးပဲ အရေးကြီးပါတယ်။

 

သင့်အသားအရေနဲ့ ကိုက်ညီသင့်တော်မယ့် moisturizer အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။

 

moisturizer ရဲ့ အာနိသင်ပြမှုကို အထက်မြက်ဆုံးဖြစ်စေဖို့အတွက် SPF ပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူရပါမယ်။

 

သင့်အသားအရေနဲ့ ကိုက်ညီတဲ့ အလှကုန်ပစ္စည်းကို ရွေးချယ်နိုင်ဖို့ဟာလည်း အထူးအရေးကြီးပါတယ်။ moisturizer ဟာ အသားအရေကို နူးညံ့စေရုံသာမက အသားရောင်ကိုလည်း ပိုဖြူလာစေပါတယ်။ ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ moisturizer တွေကို သုံးစွဲမိရင်တော့ သင့်အရေပြားအခြေအနေဟာ ပိုဆိုးလာမှာပဲဖြစ်ပါတယ်။

 

ရေဓါတ်လုံလောက်ပါစေ။

 

ရေဟာ အရေပြားအတွင်းဖက် အပိုင်းထိ သန့်စင်ပေးနိုင်ရုံသာမက အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။ အသားအရေမှာ အစိုဓါတ်ပြည့်ဝလာနဲ့အမျှ အသားအရေဟာ ဖောင်းဖောင်းလေးဖြစ်လာပြီး ကလေးအသားလေးလို နူးညံ့လာမှာပဲ ဖြစ်ပါတယ်။

 

အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

 

တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာ သောက်ရမှာ ဖြစ်ပေမယ့် အရက် ဒါမှမဟုတ် အခြားသော ဂက်စ်ပါတဲ့ သောက်စရာတွေကို မသောက်သင့်ပါဘူး။ သူတို့ဟာ သင့်အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တကယ်လို့ သင်အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ဆိုဒါနဲ့ အခြားသော ဂက်စ်ပါတဲ့ သောက်စရာတွေမှာ ပါဝင်လာတဲ့ သကြားနဲ့ ဓါတုဗေဒပါဝင်ပစ္စည်းတွေဟာ ဝက်ခြံတွေကို ထွက်လာစေပြီး အဆီတွေကိုလည်း စုပုံလာစေပါတယ်။

 

အထူးသဖြင့် အရက်သောက်ခြင်းဟာ အရေပြားအစိုဓါတ်ကို လျော့နည်းစေနိုင်တဲ့အတွက် အချိန်မတိုင်မီ အိုမင်းရင့်ရော်စေနိုင်ပါတယ်။

 

သခွားသီး ဒါမှမဟုတ် ဖရဲသီးတွေကို စားပေးမယ်ဆိုရင်လည်း ရေဓါတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာပါ။ အဆိုပါ အသီးတွေမှာ အခြားသော အကျိုးအာနိသင်တွေလည်း ရှိပါသေးတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေဟာ သင့်အသားအရေကို ပိုမိုစိုပြေညီညာလှပဖို့အတွက် တနည်းတဖုံ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

 

ဒီအချက်လေးတွေဟာ အင်မတန်မှ ရိုးရှင်းအခြေခံကျပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အတွက် အခုပဲစတင် လိုက်နာလုပ်ဆောင်ကြည့်ကြပါစို့။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”