ပြင်ဉီးလွင် ၁၄ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ အင်းဝဘဏ်လီမိတက်က အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဆဋ္ဌမ)ပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ပြင်ဦးလွင်မြို့ရှိ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင်ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား) (H’cap 0-12)ဝါသနာရှင်အဆင့် (အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီး စည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပညာရှင်အဆင့် ကစားသမားများ၊ လက်ရည်စစ် ပွဲယှဉ်ပြိုင်ရန်မလိုသော ဝါသနာရှင်အဆင့် (အမျိုးသား)နှင့် ဝါသနာရှင်အဆင့် (အမျိုးသမီး) ဂေါက်သီးအားကစားသမားများသည် နိုဝင်ဘာလ (၁၆)ရက်မွန်းလွဲ(၂)နာရီ နောက်ဆုံးထား၍ ပညာရှင်အဆင့်တစ်ဦးလျင် (၃၀ဝဝဝ)ကျပ်၊ ဝါသနာရှင်အဆင့် တစ်ဦးလျင် (၁၀ဝဝဝ) ကျပ်ဖြင့် ဖုန်း ဝ၉-၇၇၉၈၄၆၇၆၁ ထံ ပြိုင်ပွဲဝင်ကြေးနှင့်အတူ ဂေါက်ကွင်းဝင်ခွင့်ကတ်ပြုလုပ်ရန်အတွက် လျှောက်လွှာပုံစံအား ဖြည့်စွက်ကာ စာရင်း ပေးသွင်းနိုင်ပါသည်။ စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲဝင် ကြေးပေးသွင်းထားသူများသည် နိုဝင်ဘာလ( ၁၉)ရက်တွင် (Official Practice Round) ကစားနိုင်မည် ဖြစ်သည်။ အမည်စာရင်း ပေးသွင်းထားပြီး ပြိုင်ပွဲမဝင်နိုင်ပါက ပြိုင်ပွဲမတိုင်မီကြိုတင်အကြောင်းကြားရန် လိုအပ်ပြီး အကြောင်းကြားခြင်း မရှိပါက နောက်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် နောက်ကျသော ကစားသမားများအားပြိုင်ပွဲ အတွဲဇယားများတွင် ထည့်သွင်းရေးဆွဲမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ပြိုင်ပွဲဝင် ကစားသမားများအတွက် နိုဝင်ဘာ (၁၈)ရက်နံနက် (၆)နာရီတွင် (၉)မိုင်ဂေါက်ကွင်းပြည်လမ်းမှ ပြင်ဦးလွင်သို့ Player Bus ထွက်ခွာမည်ဖြစ်သည်။
၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲကို Myanmar Zwe Mann Co,.Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank, တို့က အဓိက ကူညီပံ့ပိုးပေးထားပြီး အားကစားသမားများ သွားလာမှု လွယ်ကူစေရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ အခမဲ့ကူညီ ပံ့ပိုးပေးထားသည်။
သတင်း-ဖိုးသော်ဇင်