နေပြည်တော် ၁၄ နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြေအောက်ရေဌာနခွဲနှင့် ဩစတြေးလျနိုင်ငံသား ဇလဘူမိဗေဒ ပညာရှင် ဒေါက်တာလီယိုနာဒ် ဝါရင့် ဒရူရီတို့ပြုစုထားသည့်မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ Hilton Hotel ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးနှင့် သားငါးကဏ္ဍများ အပါအဝင် အခြားသောရေအသုံးပြု ဆက်စပ်လုပ်ငန်းများတွင် မြေအောက်ရေ ပြည့်ဝလုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး မူဝါဒရေးဆွဲရာ၌ ကျေးလက်ဒေသမှအစပြု၍ နိုင်ငံအဝန်း သောက်သုံးရေ ပြည့်ဝမှုနှင့် ရေအရင်းမြစ်ဖွံ့ဖြိုးလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် အပူပိုင်းဇုန်ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေချိုအရင်းအမြစ်များ စနစ်တကျဖော်ထုတ် အသုံးပြုနိုင်ရန် အထောက်အကူဖြစ်စေမည့်မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒစာအုပ်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သော ဇလဘူမိဗေဒ ပညာရှင် ဒေါက်တာ လီယိုနာဒ် ဝါရင့် ဒရူရီနှင့် ပူးပေါင်းပါဝင် အားထုတ်ခဲ့ကြသော ပညာရှင်များကို ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Alex Street နှင့် AWP စီမံကိန်းမန်နေဂျာ Mr. Rory Hunter တို့က စီမံကိန်းဆောင်ရွက်မှု အဆင့်ဆင့်၊ ဘာသာပြန်ပညာရှင် ဦးကျော်ဝင်းက ဘာသာပြန်လုပ်ငန်းအတွေ့အကြုံများ၊ Dr. Len Drury က အပူပိုင်းဇုံဒေသအတွင်း မြေအောက်ရေ၏ ရေးပါပုံနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် AWP စီမံကိန်းမန်နေဂျာ Mr. Rory Hunter က အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးထံမြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒစာအုပ်ကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ဘာသာပြန်ဆိုသည့် ပညာရှင်များကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

 

ကမ္ဘာ့ဒေသအသီးသီးတွင် ယုံကြည်စိတ်ချရသော ရေအရင်းအမြစ်များမရှိခြင်း၊ ရေထွက်နှုန်းနှင့် ရေအရည်သွေးပြောင်းလဲမှုများခြင်း တို့ကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမိုခက်ခဲစေလျက်ရှိရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းမှုကိုပါ များစွာနှောင့်နှေးစေလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ရေချိုအရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ရေးအတွက် မြေအောက်ရေတွေ့ရှိနိုင်မှု လေ့လာဆန်းစစ်ခြင်း၊ ထုတ်ယူသုံးစွဲနိုင်မှုအခြေအနေ၊ အသုံးပြုပုံ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းခြင်းနှင့် စိမ့်ထွက်နေခြင်းများ၊ ရေအရည်အသွေး၊ ရေအောင်းလွှာဆိုင်ရာ အချက်အလက်များ၊ မြေပေါ်ရေနှင့်ဆက်စပ်နေမှုများ၊ လက်ရှိထုတ်ယူ သုံးစွဲနိုင်မှုအခြေအနေများ၊ ထုတ်ယူသုံးစွဲရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ ဖော်ထုတ်ဖြေရှင်းရန် လုပ်ငန်းတာဝန်များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကြိုးပမ်းလျက်ရှိသည်။

 

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒစာအုပ်တွင် မြေအောက်ရေဆိုင်ရာ အချက်အလက်များ အလွယ်တကူမရရှိနိုင်မှုကို ကျော်လွှားနိုင်ရန်၊ ဇလဘူမိဗေဒဆိုင်ရာ အသိပညာများ ပိုမိုတိုးတက်လာရန်၊ မြေအောက်ရေသယံဇာတများကို စူးစမ်းလေ့လာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စီမံခန့်ခွဲခြင်း စသည်တို့တွင် အထောက်အကူဖြစ်ရန်၊ အချက်အလက်များနှင့်စပ်လျဉ်းပြီး လိုအပ်ချက်ရှိနေကြောင်း တင်ပြနိုင်ရန်၊ တွင်းတူးကုန်ကျစရိတ်သက်သာပြီး အောင်မြင်သော စက်ရေတွင်းများ တူးဖော်နိုင်ရေးအတွက် လမ်းညွှန်သဖွယ် အသုံးပြုနိုင်ရန်၊ ဇလဘူမိဗဒပညာရှင်များအား မြေအောက်ရေကို စူးစမ်းရှာဖွေခြင်းနည်းလမ်းများနှင့် စီမံခန့်ခွဲခြင်းတို့အတွက် အထောက်ပံ့ ရရှိရန်၊ ဒေသဆိုင်ရာ ရေသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အသုံးပြုနိုင်ရန်၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များအတွက် သုတေသနလုပ်ငန်း ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်ရန်၊ ရှုပ်ထွေးသော ဘူမိဗေဒအနေအထားများနှင့် ဇလဘူမိဗေဒဆိုင်ရာ အခြေအနေများထဲမှ လူထုအတွက် ရေရှည်အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် အထောက်အကူဖြစ်ရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ဇလဘူမိဗေဒဆိုင်ရာ ပထမဆုံးဘာသာပြန် စာအုပ်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်