ချောင်းဆုံ ၁၄ နိုဝင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် လူကိုဘေးဉပဒ်ဖြစ်စေသည့် ဓာတုပစ္စည်းများ၊ တားမြစ်ဆေးဝါးများ သုံးစွဲမှု မရှိစေရန် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းပြီး ယနေ့က မြို့မ အမှတ် (၁) ဈေး၊ ချောင်းဆုံမြို့ပေါ်ရှိ ဈေးဆိုင်များနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်များ ကြာရှည်ခံအောင် ဖော်မ်လင်၊ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် နှင့် Borax စသည့် ဓာတုပစ္စည်းများ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် မသုံးစွဲကြရန် ပညာပေးစည်းရုံးခြင်း၊ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရှိ/မရှိစစ်ဆေးခြင်း တို့ကို Mobile ဓာတ်ခွဲခန်းဖြင့် စစ်ဆေးခဲ့ကြသည်။ ယင်းနောက် တားမြစ်ပစ္စည်းများပါဝင်သည့် လူသုံးကုန်များကို သိမ်းဆည်းခဲ့ကြပြီး ဉပဒေအရ ဖျက်စီးသွားမည်ဖြစ်ကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)


