မန္တလေး  ၁၄   နိုဝင်ဘာ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းအတွင်း ဒီဇင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ အထောက်အကူပြုကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီနာယက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်က မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ပေါများစွာတည်ရှိသည့် မန္တလေးမြို့တွင် ဒေသခံပြည်သူများမှလည်း ဘာသာ၊ သာသနာအကျိုးအတွက် စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းဆောင်ရွက်လေ့ရှိသည့် အစဉ်အလာကောင်းများနှင့်အညီ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှ သံဃာအပါးသုံးသောင်း လောင်းလှူပွဲအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့် ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများမှ တက်ကြွစွာဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် လုပ်အားဒါနအဖြစ် ပါဝင်ကြမည့် လူငယ်များကိုလည်း စီမံခန့်ခွဲမှု ကောင်းစွာပေးနိုင်ရန် လိုအပ်ကြောင်းနှင့် ယခုအစည်းအဝေးတွင် ဆပ်ကော်မတီအသီးသီးမှ တင်ပြချက်များအား မိမိတို့ဦးစီးကော်မတီမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အထောက်အကူပြု ကော်မတီဉက္ကဋ္ဌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် ဆပ်ကော်မတီအသီးသီးတို့မှ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယကနှင့် ဥက္ကဋ္ဌတို့မှ ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

မန္တလေးမြို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် သံဃာအပါး တစ်သောင်းအား မန္တလေးတောင်ခြေ၍လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် သံဃာအပါး နှစ်သောင်းအား ချမ်းမြသာစည် လေယာဉ်ကွင်း၌လည်ကောင်း လောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တတိယအကြိမ်မြောက်အဖြစ် သံဃာအပါး သုံးသောင်းအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင် သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)