နေပြည်တော် ၁၄ နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆီးချိုသွေးချိုရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှိသူသည် မရှိသူထက် ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ခြေထောက်ဖြတ်ခံရနိုင်ခြေ (၁၅)ဆမှ အဆ (၄၀) ပိုများပါကြောင်း၊ ထို့အပြင် ဆီးချိုသွေးချို ရောဂါရှင်သည် ရောဂါမရှိသူထက် (၂၅)ဆပို၍ မျက်စိအမြင် ဆုံးရှုံးနိုင်ပါကြောင်း၊ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါတို့သည် တွဲဖက်ဖြစ်ပွားနိုင်ပြီး အဆိုပါရောဂါများကို ကာကွယ်ရန်အတွက် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ မိမိနှင့် သင့်တော်ရာ အားကစားလေ့ကျင့်မှုများကို လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ထိုသို့ ပြည်သူများ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ လုပ်ငန်းစဉ်များကို ချမှတ်ကာအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ မြို့နယ်ပေါင်း (၂၃၂) မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၃၁၆  ခုတွင် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုး၊ဆီးချို ကာကွယ်ကုသရေးဆေးခန်းများ ဖွင့်လှစ်၍ သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း၊ ဆေးဝါးကုသမှုပေးခြင်း၊ လိုအပ်လျှင် လွှဲပြောင်းပေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

အဆိုပါဆေးခန်းများသို့ လာရောက်ပြသသူ ၁ ဒသမ ၁ သန်း၌ (၅) ရာခိုင်နှုန်းတွင် ဆီးချိုရောဂါနှင့် (၁၅) ရာခိုင်နှုန်းတွင် သွေးတိုးရောဂါရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုနှစ် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “သင့်မိသားစု ကျန်းမာရေး ဆီးချိုသွေးချိုကာကွယ်ပေး” "Diabetes : Protect Your Family" အတိုင်း ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရန် မိသားစုဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဆီးချိုသွေးချိုဝေဒနာရှင်ကို ကူညီထောက်ပံ့ပေးနိုင်ရန် မိသားစုဝင်များအနေဖြင့် ဆီးချို၊သွေးချိုနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်ဗဟုသုတများကို သိရှိရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု တစ်ဦးချင်းတစ်ယောက်ချင်းအနေဖြင့် ဆီးချို၊ သွေးချို ရောဂါ၏ သိကောင်းစရာများကို မိမိသာမက မိမိ၏ မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်၊ ပြည်သူလူထုတစ်ရပ်လုံး ပြန့်နှံ့အောင် အသိပညာဖြန့်ဝေပေးခြင်းနှင့် လိုက်နာကျင့်သုံးခြင်းဖြင့် ဆီးချို၊သွေးချိုအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်မှ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာကိုကိုက ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ အထူးကုဆရာဝန်များအဖွဲ့မှ ဆီးချိုသွေးချို ရောဂါရှိသူများကို ဆေးကုသမှုပေးခြင်း၊ မျက်စိနှင့် ခြေထောက်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

 

သတင်းစဉ်