နေပြည်တော် ၁၅ နိုဝင်ဘာ

နိုင်ငံရေးပါတီ ၂၀ ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးချက်တစ်ရပ် ထုတ်ပြန် ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူအသီးသီးက လက်မှတ် ရေးထိုး၍ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယင်းသဘောထားထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်စပ်လျဉ်း၍ မမှန်ကန်သည့်၊ အထောက် အထားမရှိသည့် သတင်းအချက်အလက်များကို ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ ယင်းရေးသားဖော်ပြချက်များသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေသည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ ကျင်းပပေးမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို အခြားပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက အထင်အမြင်လွဲမှားစေနိုင်သည်ကို စိစစ်တွေ့ရှိရ ကြောင်း။

 

နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လေးစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု မျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်းကို ပါတီမှတ်ပုံတင် စဉ်ကပင် ဝန်ခံချက်ပေးထားပြီးဖြစ်ကြောင်း၊ ယင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန်ပျက်ကွက်သည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း။

 

သို့ဖြစ်၍ နောက်နောင် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသား ဖော်ပြမှု၊ မမှန်မကန်ရေးသားဖော်ပြမှုများ ထပ်မံဆောင်ရွက်ခြင်းမပြုရန်နှင့်အကယ်၍ ယင်းသို့ဆောင်ရွက်ကြောင်းတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသော စုံညီအစည်းအဝေးအမှတ်စဉ် (၃၃/၂၀၁၉) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူအသီးသီးတို့အား သတိပေးထားကြောင်း ဖော်ပြထားသည်။

သတင်းစဉ်