၁၅ နိုဝင်ဘာ

 

ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ၊ စိတ်ထဲက မကျေနပ်တာကို ပေါ်တင်မပြောဘဲ ချောက်တွန်းတာ၊ အနောက်ကနေ သွားပုပ်လေလွင့်တာ၊ ပြဿနာရှာတဲ့သူမျိုးတွေပေါ့။ တကယ်တော့ ဒီလိုလုပ်တာကို အတွင်းစိတ်ထဲကနေ လူတစ်ယောက်ကို မုန်းတီးစိတ် တစ်နည်းအားဖြင့် Passive-Aggressive Behavior လို့ ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။

 

သိသာအောင် ဥပမာ ပေးရမယ်ဆိုရင်တော့

 

၁။ အလုပ်ကအစည်းအဝေးမှာ လူတစ်ယောက်က ဒီလိုလုပ်သင့်တယ်လို့ အကြံပေးတယ်။ ကိုယ့်စိတ်ထဲမှာက ဒီလိုလုပ်တာကို သဘောမတူပေမဲ့ ပါးစပ်က သဘောတူပါတယ်ပဲ ပြောတယ်။ ပြီးတော့ နောက်ကွယ်မှာ ဒီအကြံအတိုင်း လုံးဝမလုပ်ဘဲ မသိမသာ သို့မဟုတ် သိသိသာသာ ဆန့်ကျင်တယ်။

 

၂။ လူတစ်ယောက်ကို မုန်းတယ်ဆိုပါစို့။ သူ့ရှေ့မှာတော့ ပုံမှန်အတိုင်း ပြုံးရွှင်နေပြီး သူ့ကွယ်ရာရောက်မှ သူ့ရဲ့ မကောင်းကြောင်းတွေလွှတ်ပြောမယ်၊ အတင်းချတယ်။

 

၃။ ပြဿနာတစ်ခုဖြစ်တယ်။ ဒီပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ မဆိုင်တဲ့သူတွေကို အပြစ်လုပ်တယ်။ ရှင်းလိုက်ရင် ပြီးသွားမယ့်ပြဿနာကို ပိုဆိုးသွားအောင် မီးထပ်မွှေးတယ်။

 

၄။ ကိုယ့်ချစ်သူနဲ့ စကားများရန်ဖြစ်တယ်။ မကျေနပ်တဲ့အကြောင်းကို ပေါ်တင်ဖွင့်မပြောဘဲ စိတ်ထဲကနေ မုန်းနေတဲ့ခံစားချက်တွေ ဖြစ်တယ်။ ပြဿနာကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ရှာတယ်။ စိတ်အနှောင့်အယှက်ပေးတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ဆိုးအောင်ပိုလုပ်တယ်။

 

ဒါတွေဟာ အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မနာလိုစိတ်၊ မုန်းတီးစိတ်တွေကို တခြားသူတွေအပေါ် ပုံချတတ်တဲ့ အပြုအမူပိုင်းဆိုင်ရာ မူမမှန်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုအမူအကျင့်မျိုး ရှိတဲ့သူတွေမှာ တခြားပြင်းထန်တဲ့ စိတ်ရောဂါတွေ ရှိနေတတ်ပါတယ်။ လူမှုရေး၊ အလုပ်ခွင်နဲ့ အချစ်ရေးမှာ ပြဿနာများစွာ ဖြစ်လာနိုင်တဲ့ ဒီအမူအကျင့် ကိုယ့်မှာရှိတယ်လို့ သိထားရင်တော့ စောစောစီးစီး ဖျောက်ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲ။

 

တခြားဘာလက္ခဏာတွေ တွေ့ရသေးလဲ။

 

ဒီစိတ်ရောဂါရှိတဲ့သူတွေမှာ

 

ပါးစပ်က တစ်မျိုးပြောပြီး နောက်ကွယ်မှာ တစ်မျိုးလုပ်တာ

 

မကြာခဏ ဝေဖန်တာ၊ ကန့်ကွက်တာ

 

ဘာလုပ်လုပ် မကျေနပ်တာ

 

အကျိုးသင့်အကြောင်းသင့် ရှင်းပြလည်း လက်မခံတာ

 

တမင်တကာ အချိန်ဆွဲတာ၊ မေ့ချင်ယောင်ဆောင်တာ

 

အလုပ်တာဝန်တွေကို ပြီးပြီးရော လုပ်တတ်တာ

 

ရန်လိုတာ

 

အပြစ်မြင်တာ

 

ခေါင်းအရမ်းမာတာ

 

အမြဲတမ်း တခြားသူတွေကို အပြစ်တင်တတ်တာ

 

ကိုယ့်ကို ဘယ်သူမှသဘောမကျဘူးဆိုပြီး အမြဲညည်းနေတတ်တာ

 

တခြားသူတွေ အကူအညီတောင်းရင်လည်း မကျေနပ်တဲ့ ဟန်အမူအရာပြတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

 

ဘယ်လိုအခြေအနေတွေဟာ အတွင်းစိတ်ပုပ်အောင် နှိုးဆွပေးနေလဲ။

 

အကြောင်းရင်းအတိအကျကိုတော့ ရှာဖွေတွေ့ရှိထားခြင်း မရှိသေးပေမဲ့ ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်အခြေအနေ၊ မျိုးရိုးဗီဇတွေဟာ ဒီစိတ်ရောဂါဖြစ်စေဖို့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာ အစပျိုးလာတတ်ပြီး မိဘတွေ အထိန်းအကျောင်းမတတ်တာ၊ မိသားစုရေးရာ ပြဿနာ၊ တခြား ကလေးဘဝမှာ အနိုင်ကျင့်ခံရတာ၊ အကြမ်းဖက်စော်ကားခံရတာ၊ လျစ်လျူရှုခံရတာ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာတွေကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။

 

သူ့နောက်ကွယ်မှာ တခြားဘယ်လို စိတ်ရောဂါတွေ ရှိနေနိုင်လဲ။

 

ဒီလိုမျိုး အတွင်းစိတ်ထဲက မကျေနပ်တဲ့ အပြုအမူမျိုးတွေ ရှိတဲ့သူတစ်ယောက်မှာ

 

စိတ်အတက်အကျမြန်ရောဂါ

 

စိတ်ကျရောဂါ

 

စိတ်ဖိစီးမှု

 

စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း

 

အရက်သေစာ၊ မူးယစ်ဆေး စွဲလမ်းခြင်း

 

သိမ်ငယ်စိတ် အမြဲရှိနေခြင်း

 

မိမိကိုယ်ကိုယ် တန်ဖိုးမထားတတ်ခြင်း အစရှိတဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။

 

ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

 

ကိုယ့်မှာ၊ ကိုယ့်မိသားစုဝင်မှာ ဒီလိုအပြုအမူမျိုးရှိရင်တော့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်လို့ ရပါတယ်။ ကိုယ့်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပညာရှင်တွေက ကုသမှု လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကို ခွဲခြားပေးမှာ ဖြစ်ပါတယ်။ အကယ်လို့ စိတ်ကြောင့်ဖြစ်တာ မဟုတ်ဘဲ တခြားဦးနှောက်အာရုံကြော ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုရင်တော့ သွေးဖောက်စစ်တာ၊ ဦးနှောက်ကို စစ်ဆေးတာအပြင် တခြား အာရုံကြောလက္ခဏာတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

 

ကုသမှုခံယူရမယ်ဆိုရင်လည်း သိပ်ပြီး မစိုးရိမ်ပါနဲ့။ အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် တခြားပြဿနာတွေလို သိပ်ပြီး ကုရခက်တာမဟုတ်ပါဘူး။ အဓိက ကိုယ့်ရဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ငြိမ်းအေးစေဖို့၊ ရင်ထဲမှာ ရှိတဲ့ မကောင်းတဲ့အတွေးတွေ၊ ဒေါသေတွ၊ မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့၊ သွယ်ဝိုက်တာထက် တိုက်ရိုက် ပြဿနာကို ဖြေရှင်းပုံတွေကို စိတ်ရောဂါကုထုံးနဲ့ ကုသပေးသွားမှာပါ။ များသောအားဖြင့် ဒီရောဂါဟာ ဆေးသောက်ဖို့မလိုအပ်ပါဘူး။

 

ဒီအပြုအမူရှိတဲ့သူတွေမှာ လူမှုရေး၊ မိသားစု၊ အချစ်ရေးတွေမှာ ပြဿနာမျိုးစုံကြုံလာနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ့်မှာရှိတဲ့ ပြဿနာကို စောစောစီးစီး ကုသမှုခံယူဖို့ပါပဲ။

 

ရေးသားသူ -Ye Myo Myat

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”