ကျောင်းကုန်း ၁၅ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ နိုင်ငံအဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို တစ်နိုင်ငံလုံးရှိ အသက်(၉)လမှ (၅)နှစ်ခွဲအတွင်းရှိသော ကလေးအားလုံးကို အပိုဆောင်းတစ်ကြိမ် ထိုးပေးမည်ဖြစ်ကြောင်း၊ နိုတင်ဘာ ၂၆ ရက်မှ ၂၈ ရက်အတွင်း လိုက်လံထိုးနှံပေးမည်ဖြစ်ပြီး၊ ခရီးလွန်နေသော ကလေးငယ်များ၊ သံသရရှိသောကလေးများအား ၂၉ ရက်နေ့တွင် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က အုပ်ချုပ်ရေးမှူးများအနေနဲ့ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားအချက်(၁၀)ချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ ကျန်းမာရေးလုပ်ငန်းနှင့် ပတ်သက်သော စီမံချက်လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရမည်ဆိုတာ ပါရှိကြောင်း ပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ်အတွင်း လျာထားကလေးဦးရေ(၁၃၉၅၈)ဦး၊ ကာကွယ်ဆေးပုလင်း(၁၆၈၄)ပုလင်း၊ အဖွဲ့ပေါင်း(၆၁)ဖွဲ့၊ စုရပ်(၁၈၁)နေရာ အပိုဆောင်းထိုးနှံပေးမည်ဖြစ်ပြီး၊ ဆေးထိုးတစ်ဖွဲ့လျင် ကျွမ်းကျင်သော ကာကွယ်ဆေးထိုး(၁)ဦး၊ စေတနာ့ဝန်ထမ်း(၂)ဦးဖြင့် တစ်ဖွဲ့လျင် တစ်ရက်ထိုးနှံမည့် ကလေးပေါင်း ၁၀ဝ မှ ၁၅၀ ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီးထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


